ထိုင်ဝမ်ရေလက်ကြားထဲသို့ အမေရိကန်ဖျက်သင်္ဘောနှစ်စင်း ဝင်ရောက်

ထိုင်ဝမ်ရေလက်ကြားထဲသို့ အမေရိကန်ဖျက်သင်္ဘောနှစ်စင်း ဝင်ရောက်
Published 9 July 2018

Photo: Reuters

အမေရိကန်နှင့် တရုတ်ကြား၌ တင်းမာမှုတို့ မြင့်တက်နေသည့်အချိန် ဇူလိုင် ၇ ရက် က ထိုင်ဝမ်ရေလက်ကြားထဲသို့ အမေရိကန် စစ်သင်္ဘောနှစ်စင်း ဝင်ရောက်လာခဲ့သည် ဟု သိရသည်။

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံအား ပိုင်းခြားထားသော ထိုရေလက်ကြားထဲသို့ အမေရိကန်ဖျက်သင်္ဘောများဖြစ်သည့် USS Mustin  နှင့်  USS Benfold တို့သည် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဝင်လာကြခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အတည် ပြုခဲ့သည်။

“ထိုင်ဝမ်စစ်တပ်ဟာ အိမ်နီးချင်းနယ်မြေတွေရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းပြီး အမျိုးသားလုံးခြုံရေးအတွက် ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း စစ်တပ်မှာ ယုံကြည်မှုရှိပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်စစ်သင်္ဘောနှစ်စင်းသည် ဇူလိုင် ၇ ရက်ညအထိ ရေလက်ကြား၌ ဆက်လက်တည်ရှိနေပြီးနောက် နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ဆက်လက်ထွက်ခွာသွားသည်ဟု ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန် ပစိဖိတ်ရေတပ်တပ်ရင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ကပ္ပတိန် ချာလီဘရောင်းကလည်း ၎င်းတို့၏ သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားထဲသို့ ဖြတ်သန်းခုတ်မောင်းခဲ့သည့်အကြောင်းကို အတည်ပြုခဲ့သည်။ သို့သော်လည်း ထိုဖြတ်သန်းမှုကို ထင်ထင်ရှားရှား မဖြစ်စေရန် လျှောချ၍ ပြောကြားခဲ့ကြောင်း သိရသည်။ “အမေရိကန်ရေတပ် သင်္ဘောနှစ်စင်းဟာ တောင်တရုတ်ပင်လယ်ကနေ အရှေ့တရုတ်ပင်လယ်ကိုသွားဖို့အတွက် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပါတယ်။ ဒီလိုမျိုးဖြတ်သန်းမှုမျိုးကို လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ယင်းဖြစ်စဉ်သည် အမေရိကန်  နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲစတင်နေပြီး တရုတ်နှင့် ထိုင်ဝမ်ကြားတွင် တင်းမာမှုတို့ မြင့်တက်နေသည့်အချိန်တွင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။