ယီမင်အစိုးရထောက်ခံသည့်တပ်များက ဟိုဒေးဒါလေဆိပ်ကို သူပုန်များထံမှ သိမ်းပိုက်

ယီမင်အစိုးရထောက်ခံသည့်တပ်များက ဟိုဒေးဒါလေဆိပ်ကို သူပုန်များထံမှ သိမ်းပိုက်
Published 21 June 2018

ဇွန် ၁၉ ရက်က ဟိုဒေးဒါလေဆိပ်တစ်ဝိုက်တွင် ယီမင်အစိုးရဘက်တော်သား တိုက်ခိုက်ရေးသမားများအား တွေ့ရစဉ် (Photo: AFP)

အဓိကပင်လယ်နီဆိပ်ကမ်းမြို့ကို ပြန်လည်သိမ်းပိုက်ရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ခုအဖြစ် ယူအေအီးကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်များသည် ဟိုဒေးဒါလေဆိပ်ကို ဇွန် ၂၀ ရက်တွင် ဟူသီသူပုန်များထံမှ သိမ်းပိုက်ခဲ့သည်ဟု ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“လေဆိပ်ကို လုံး၀ ရှင်းပြီးပြီ။ အခုထိန်းချုပ်မှုအောက်ရောက်နေပြီ” ဟု ယူအေအီး အစိုးရပိုင်သတင်းအေဂျင်စီ (WAM) က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ပင်လယ်နီကမ်းခြေဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တပ်မှူး Abdul Salaam al-Shehi က ပြောကြားခဲ့သည်။

အစိုးရတပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက်တွင် လေဆိပ်အနီးတစ်လျှောက် အကာအရံမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ရာ သူပုန် ၃၃ ဦးနှင့် စစ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည်။

ထိုလေဆိပ်ကို အသုံးမပြုဘဲ ပစ်ထားခဲ့သော်လည်း သူပုန်များက အဓိကအခြေစိုက် စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ လေဆိပ်သည် မြို့၏ ဆိပ်ကမ်းမှ ရှစ်ကီလိုမီတာ (ငါးမိုင်) အကွာတွင် ရှိသည်။ ဟိုဒေးဒါဆိပ်ကမ်းသည် ယီမင်၏ သွင်းကုန်လေးပုံသုံးပုံခန့် ဝင်ရောက်ပြီး အထောက်အပံ့ကို မှီခိုအားထားနေရသည့် လူဦးရေ ၂၂ သန်းအတွက် အသက်သွေးကြောတစ်ခုဖြစ်သည်။

ဟိုဒေးဒါမြိုတွင် ဆိုးရွားသည့် စစ်ပွဲတစ်ခုဖြစ်ပွားမှုကို ရှောင်လွှဲရန် ကြိုးပမ်းမှုတစ်ခုအဖြစ် သူပုန်ထိန်းချုပ်ထားသည့် မြို့တော် ဆာနာတွင် ကုလသမဂ္ဂသံအမတ်ကြီး Martin Griffiths က ဆွေးနွေးပွဲလေးရက်ကြာ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှု အခြေအနေကို ထုတ်ပြန်ခြင်းမရှိဘဲ ဇွန် ၁၉ ရက်တွင် လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

ဒေသတွင်း ပြိုင်ဘက်ဖြစ်သော အီရန်သည် သူပုန်များအတွက် လက်နက်မှောင်ခိုပို့ရန် ဟိုဒေးဒါဆိပ်ကမ်းကို ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု ယူအေးအီးနှင့် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ အခြားအဖွဲ့ဝင်များက စွပ်စွဲခဲ့သည်။ တီဟီရန်က ယင်းစွပ်စွဲမှုကို ငြင်းဆိုခဲ့သည်။

ဟိုဒေးဒါဆိပ်ကမ်းကို တိုက်ခိုက်မှုကြောင့် အငတ်ဘေး ရင်ဆိုင်ကြုံတွေ့ရတော့မည့် ယီမင်နိုင်ငံသား ၈ ဒသမ ၄ သန်းအတွက် အလွန်အမင်း လိုအပ်နေသည့် ကူညီထောက်ပံ့ရေး ကုန်ပစ္စည်းများ ပို့ဆောင်မှုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။

ဟိုဒေးဒါလေဆိပ်ကို တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုကို ယခုအချိန်ထိ အတည်မပြုသေးသော်လည်း သီတင်းတစ်ပတ်ကြာပြီဖြစ်သည့် တိုက်ပွဲအတွင်း တိုက်ခိုက်ရေးသမား ၂၁၆ ဦးထက်မနည်း သေဆုံးခဲ့သည်။ အစိုးရထောက်ခံသည့် တပ်ဖွဲ့ဝင်များ ပင်လယ်နီကမ်းရိုးတန်းကို ချီတက်လာချိန်တွင် မိသားစု ၅,၂၀၀ သည် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့သည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။

Operation Golden Victory ဟု အမည်ပေးထားသည် ယင်းထိုးစစ်သည် ပြင်းထန်သည့် ယီမင်စစ်ပွဲပဋိပက္ခတွင် အကြီးမားဆုံး စစ်မျက်နှာတစ်ခုဖြစ်သည်။

Ref: AFP