ဂါဇာသည် စစ်ပွဲနှင့်နီးကပ်လာနေပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေး

ဂါဇာသည် စစ်ပွဲနှင့်နီးကပ်လာနေပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေး
Published 20 June 2018

ဖေဖော်ဝါရီ ၁၈ ရက်က ဂါဇာနှင့် နယ်စပ်အနီးတွင် အစ္စရေးစစ်သားများနှင့် တင့်ကားများက ကင်းလှည့်စောင့်ကြပ်နေကြစဉ် (Photo - AFP)

ဂါဇာသည် စစ်ပွဲဖြစ်လုနီးပါးအခြေအနေနှင့် နီးကပ်လာနေပြီဖြစ်ပြီး ဆန္ဒပြမှုများအတွင်း အစ္စရေးတို့၏ ကျည်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် သေကြေဒဏ်ရာရခဲ့သည့် ပါလက်စတိုင်းဦးရေမှာ ထိတ်လန့်စရာကောင်းသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အန္တရာယ်များပြီး ယိုင်နဲ့နေသည့် ယခုကဲ့သို့ အခြေအနေဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ဘက်ပေါင်းစုံကို ပြတ်ပြတ်သားသား အပြစ်တင်ကြောင်းလည်း ဂူတာရက်စ်က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း အရေးအတွက် ဇွန် ၁၉ ရက်၌ ပြုလုပ်မည့် အစည်းအဝေး မတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်က လုံခြုံရေးကောင်စီသို့ ပို့ခဲ့သော အစီရင်ခံစာ၌ ဂူတာရက်စ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းအစီရင်ခံစာအား အေအက်ဖ်ပီက ဇွန် ၁၈ ရက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

“အခြေအနေတွေဟာ စစ်ပွဲချောက်ကမ်းပါးကို ဘယ်လောက်နီးကပ်နေပြီဖြစ်တဲ့ အကြောင်းအားလုံးကို သတိပေးသင့်ပါတယ်” ဟု ဂူတာရက်စ်က ဆိုသည်။

“မတ် ၃၀ ရက်ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်းမှာ အစ္စရေးကာကွယ်ရေး အင်အားစုတွေရဲ့ ကျည်အစစ်အသုံးပြုမှုကြောင့် သေကျေဒဏ်ရာရခဲ့တဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ကျွန်တော့်ကို ထိတ်လန့်စေပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးခဲ့သည့် ပါလက်စတိုင်း ၁၃၂ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ၁၃၀၀၀ ကျော်ရှိကာ ယင်းတို့အနက် ၁၄၀၀ ခန့်မှာ ကျည်အချက်ပေါင်းများစွာ (အထူးသဖြင့် ခြေထောက်၌ ထိမှန်) မှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစ္စရေးသည် ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံးထိန်းချုပ်နိုင်ရန်အတွက် တာဝန်ရှိပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားများကို ကာကွယ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက ထိုအစီရင်ခံစာ၌ ရေးသားခဲ့သည်။ “ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးအင်အားစုဟာ အထူးသဖြင့် ကလေးတွေ၊ ဂျာနယ်လစ်တွေ၊ ဆေးဘက်ဝန်ထမ်းတွေကို သတ်တာဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

ဧပြီလက ဆန္ဒပြပွဲများအတွင်း သတင်းယူရန်ရောက်ရှိနေသည့် ပါလက်စတိုင်း ဂျာနယ်လစ်နှစ်ဦး အသတ်ခံခဲ့ရသလို ဇွန်လအစောပိုင်းကလည်း အသက် ၂၁ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး အသတ်ခံခဲ့ရသည်။ ဂါဇာ၌ ဖြစ်ပွားခဲ့သည့် ထိုပစ်ခတ်မှုများကို အမှီအခိုကင်းကင်းဖြင့် စုံစမ်းစစ်ဆေးပေးရေးအတွက်လည်း ဂူတာရက်စ်က ထပ်လောင်းဆော်သြခဲ့သည်။ အစ္စရေးကမူ ထိုတောင်းဆိုချက်ကို ပယ်ချကာ ၎င်းတို့၏ နယ်စပ်များကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ အင်အားသုံးရခြင်းဖြစ်သည်ဟု  ပြန်လည်ကာကွယ်နေသည်။

ဟားမားစ်နှင့် အခြားစစ်သွေးကြွ အုပ်စုများကိုလည်း အစ္စရေးနယ်စပ်အနီးတွင် ဖောက်ခွဲရေးပစ္စည်းများကို မြှုပ်ထားခြင်းနှင့် မေ ၂၉ ၊ ၃၀ ရက်က အစ္စရေးဘက်သို့ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့သည့် လုပ်ရပ်များအတွက် ဂူတာရက်စ်က အပြစ်တင်ခဲ့သည်။

Ref ; AFP