ကင်နှင့် ထိပ်သီးအတွက် ပြင်ဆင်မှုများအား အပြီးသတ်နေချိန် ထရန့်က အကောင်းမြင်မှုရှိကြောင်း ထုတ်ဖော်ပြောကြား

ကင်နှင့် ထိပ်သီးအတွက် ပြင်ဆင်မှုများအား အပြီးသတ်နေချိန် ထရန့်က အကောင်းမြင်မှုရှိကြောင်း ထုတ်ဖော်ပြောကြား
Published 12 June 2018

ဇွန် ၁၁ ရက်က ဆိုးလ်မြို့ရှိ ဘူတာရုံတစ်ရုံတွင် ထရန့်နှင့် ကင်တို့၏ သတင်းထုတ်လွှင့်နေစဉ် (Photo: AFP)

မြောက်ကိုရီးယားနှင့် အမေရိကန်ကြား သမိုင်းဝင် ထိပ်သီးအစည်းအဝေးအား ကျင်းပရန် အလွန်အမင်း နီးကပ်လာချိန်၌ သမ္မတ ဒေါ်နယ်ထရန့်က ကောင်းမွန်သည့်ရလဒ် ထွက်လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောခဲ့သည်။ ထို့ပြင် ထရန့်က ဇွန် ၁၂ ရက် အစည်းအဝေးသည် အလွန်စိတ်ဝင်စားစရာကောင်းလိမ့်မည် ဟုလည်းဆိုသည်။ ထိုစဉ် ကင်ဂျုံအွန်မှာမူ ဇွန် ၁၁ ရက် တစ်နေ့လုံး လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။

ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် စတင်မည့် ထိပ်သီးတွေ့ဆုံမှု၏ အစီအစဉ်အရ ထရန့် နှင့် ကင်တို့သည် စကားပြန်များနှင့်အတူ နှစ်ဦးတည်း နှစ်နာရီကျော်ကြာ ဆွေးနွေးကြမည် ဖြစ်သည်။ ထို့နောက်မှ ၎င်းတို့၏ အကြံပေးများအား ဆွေးနွေးပွဲသို့ ဝင်လာခွင့်ပြုမည် ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သမ္မတ ထရန့်သည် ဇွန် ၁၁ ရက်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် Istana (အစိုးရရုံး) တွင် နေ့လယ်စာ စားရင်း တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် “ကျွန်တော်တို့တော့ မနက်ဖြန်ကျရင် အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ အစည်းအဝေးတစ်ခုနဲ့ ကြုံရတော့မယ်။ ကိစ္စတွေဟာ အလွန်ကို ချောချောမောမော ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ထရန့်က လီကို ပြောကြားခဲ့သည်။ အစောပိုင်းကလည်း ထရန့်သည် “လေထုထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နေသည်”ဟု ရေးသားခဲ့သေးသည်။

ထိုစဉ် အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရအရာရှိများသည် Ritz-Carlton ဟိုတယ်တွင် ခေါင်းချင်းရိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကိုယ်စားလှယ်များသည် ထရန့်နှင့်ကင်တို့ ပြီးမြောက်အောင် ဆွေးနွေးသင့်သည့် အထူးအချက်များကို အနှစ်ချုပ်ခဲ့ကြပြီး အဓိက ကိစ္စရပ်များအား မည်သို့ ဖြေရှင်းမည်နှင့် ပတ်သက်ပြီး ဇာတ်ညွှန်းများစွာကိုလည်း ထုတ်ခဲ့ကြသည်။

ယင်းတွေ့ဆုံမှုများသည် ဆက်ဆံရေး ပျော့ပျောင်းလာသည့် လက္ခဏာများ ဖြစ်ကြသော်လည်း တစ်ဖက်တွင်လည်း တင်းမာမှုတို့၏ အရိပ်အယောင်အဖြစ် မြောက်ကိုရီးယားသည် မည်သည့် အမေရိကန်-မြောက်ကိုရီးယား အစည်းအဝေးတွင်မဆို ပါဝင်မည့် အမေရိကန် ဝန်ထမ်းများအားလုံးကို အလွန်စေ့စပ်စွာ စစ်ဆေးပြီး သူလျှို ဟုတ် မဟုတ် မည်ကဲ့သို့ သေချာစေနိုင်မည့် အကြောင်းများကို မေးမြန်းခဲ့သည်ဟု သိရသည်။

ထရန့်နှင့် ကင်နှစ်ဦးစလုံးသည် ဇွန် ၁၀ ရက်က စင်ကာပူသို့ ရောက်လာကြပြီး လုံခြုံရေး ထူထပ်စွာချထားသော ဇိမ်ခံဟိုတယ်ကြီးများ (အချင်းချင်း တစ်မိုင်ခန့်ဝေးကွာ) တွင် တည်းခိုခဲ့ခြင်း ဖြစ်သည်။ ထရန့်မှာမူ ရှန်ဂရီလာဟိုတယ်တွင် တည်းခိုပြီး ကင်က St.Regis ဟိုတယ်တွင် တည်းခိုသည်။ “ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြားက သမိုင်းဝင် အစည်းအဝေးကို ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေကြပါတယ်” ဟု ထရန့် က လီရှန်လွန်းကို ပြောကြားခဲ့သည်။

နျူကလီးယား ဖျက်သိမ်းရေးမှ ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်းအထိ စင်ကာပူထိပ်သီး၌ ပါဝင်မည့် အကြောင်းအရာများ

■ နျူကလီးယား ဖျက်သိမ်းရေး - ယင်းသည် ထိပ်သီးဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာ ဖြစ်သည်။ အမေရိကန်က မြောက်ကိုရီးယားအား အလုံးစုံယုံကြည်ရပြီး နောက်ပြန် မလှည့်နိုင်သည့် နျူကလီးယား ဖျက်သိမ်းမှုကို လုပ်ဆောင်ရန် တောင်းဆိုနေခြင်း ဖြစ်သည်။ မြောက်ကိုရီးယားကမူ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်စေရမည်ဟု အကြိမ်ကြိမ်ပြောနေသော်လည်း ကင်ဂျုံအွန်ဘက်က လိုက်လျောမည်ဟု ဆုံးဖြတ်ထားသည်မှာ မည်သည့်ကိစ္စ ဖြစ်ကြောင်းကို ယခုတိုင် ရေရေရာရာ မသိရသေးပေ။

■ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး - ဇွန် ၁၂ ရက် ထိပ်သီးတွင် နောက်ထပ် ဖြစ်မြောက်နိုင်ခြေရှိသည့် သဘောတူညီချက် တစ်ခုမှာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ ဖြစ်သည်။ “ကျွန်တော်တို့ သဘောတူညီချက် တစ်ခုကို သေချာပေါက် ရရှိမှာပါ။ ထူးတော့ ထူးဆန်းပေမယ့် ဒါဟာ လွယ်ကူတဲ့ အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ထရန့်က ထိုကိစ္စနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရန် အပြည့်အ၀ သဘောတူညီချက်ရရှိရေးမှာမူ ပိုမိုရှုပ်ထွေးပြီး မြောက်ကိုရီးယားဘက်မှ ဝင်တိုက်ပေးခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေးတွင် ဝင်ရောက် လက်မှတ်ထိုးပေးခဲ့သော တရုတ်နိုင်ငံပါ ပါဝင်ရန် လိုအပ်သည်။

■ ဆက်ဆံရေး ပုံမှန်ဖြစ်လာစေရေး- ဆယ်စုနှစ်များစွာ ကြာအောင် ရန်ဘက်များ ဖြစ်ခဲ့ကြသည့် နှစ်နိုင်ငံကြားတွင် ဆက်ဆံရေး ပုံမှန်ဖြစ်လာနိုင်ပြီး ကင်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ရေးအတွက်ပါ ထရန့်က ထိပ်သီးအစည်းအဝေး မတိုင်မီ မက်လုံးပေးထားခဲ့သည်။

■ လူ့အခွင့်အရေး - နောက်ထပ် မေးခွန်းတစ်ခုမှာမူ ထရန့်သည် လူ့အခွင့်အရေးကိစ္စကို ယခုထိပ်သီးတွင် ဆွေးနွေးခြင်း ရှိ မရှိ ဖြစ်သည်။ “မြောက်ကိုရီးယားဟာ အခြားနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင် လာတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ ကင်ဂျုံအွန်ဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်မှုအကြီးဆုံး စနစ်တစ်ခုကို ဦးဆောင်နေတယ် ဆိုတာလည်း ကမ္ဘာက သတိရဖို့ လိုပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့၏ အာရှဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဘရတ်အဒမ်က ပြောကြားခဲ့သည်။

■ လုံခြုံရေး - မြောက်ကိုရီးယားဘက်မှ အဓိက စိုးရိမ်မှုမှာမူ ၎င်းတို့အစိုးရ ဆက်လက် ရပ်တည်နိုင်ခြင်း ရှိ မရှိ ဖြစ်သည်။ ကနဦးက ထရန့်၏ ရန်လိုသော အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုတန်က မြောက်ကိုရီးယားကို လစ်ဗျားနှင့် ခိုင်းနှိုင်းပြောခဲ့သဖြင့် ထိပ်သီးအစည်းအဝေးမှာ လမ်းလွဲလုနီးပါး ဖြစ်ခဲ့ရသေးသည်။ သို့သော် ထရန့်သည် မြောက်ကိုရီးယားတွင် အစိုးရအပြောင်းအလဲ မလုပ်ဟု ကတိပေးထားပြီး နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုမှာမူ မြောက်ကိုရီးယားကို လုံခြုံရေး အာမခံများပင် ပေးနိုင်မည်ဟု ပိုပိုသာသာ ကတိပေးထားသည်။ Ref:AFP/AP