ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပွားနေစဉ် စည်းမျဉ်းအခြေပြု စနစ်တစ်ရပ်ဖော်ဆောင်ရန် မိုဒီတောင်းဆို

ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပွားနေစဉ် စည်းမျဉ်းအခြေပြု စနစ်တစ်ရပ်ဖော်ဆောင်ရန် မိုဒီတောင်းဆို
Published 2 June 2018

ဇွန် ၁ ရက်က စင်ကာပူရှိ သမ္မတနန်းတော်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (ယာ) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (ဝဲ) တို့ နှုတ်ဆက်နေကြစဉ် (Photo -AFP)

တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် အငြင်းပွားမှုကြောင့် တင်းမာမှုများ မြင့်တက်လာနေစဉ် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ကို ပိုမိုလုံခြုံစေရန်အတွက် ရေကြောင်းသဘောတူညီချက်တစ်ခု ဖော်ဆောင်ရန် အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီက ဇွန် ၁ ရက်တွင် ထပ်မံတောင်းဆိုခဲ့သည်။

စင်ကာပူတွင် နှစ်စဉ်ကျင်းပနေကျ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံမတိုင်မီ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် မိုဒီက ရေကြောင်းလုံခြုံရေးအတွက် စည်းမျဉ်းများ အခြေပြုစနစ်အတွက် ၎င်းတို့၏ ကတိပြုမှုများကို ထပ်မံပြောကြားခဲ့ပြီး ပွင့်လင်းသော၊ တရားမျှတသော သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက်လည်း တောင်းဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတွက် အလွန်အမင်းအရေးပါသော တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများ၊ ကျောက်တန်းများနှင့် ပင်လယ်ထုံးအိုင်များနှင့်ပတ်သက်၍ အငြင်းပွားမှုမျိုးစုံအတွက် တရုတ်သည် ပိုမိုအင်အားနည်းသော အိမ်နီးချင်းများကို ဘက်ပြိုင်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် စစ်ပုံသွင်းနေကြောင်း စွပ်စွဲမှုများကို တရုတ်က ပယ်ချခဲ့ပြီး သဘောထားကွဲလွဲမှုများမှ ရှောင်လွဲှနိုင်ရန် ကျင့်ထုံးတစ်ခု ရရှိနိုင်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ဆွေးနွေးနေကြောင်းလည်း တရုတ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်အပါအဝင် နိုင်ငံတကာမှ ကာကွယ်ရေးဝန်ကြီးများပါ တက်ရောက်ကြမည့် ရှန်ဂရီလာ ဆွေးနွေးပွဲညီလာခံတွင် ဇွန် ၁ ရက်၌ မိုဒီက အဓိကမိန့်ခွန်းတစ်ခုကို ပြောကြားမည် ဖြစ်သည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံး နီးပါးအားပိုင်ဆိုင်ကြောင်း တရုတ်က ထုတ်ပြန်ထားချိန်တွင် ပေကျင်းသည် တောင်တရုတ်ပင်လယ်၌ အပြည်ပြည်ဆိုင်ရာဥပဒေကို လျစ်လျူပြုနေကြောင်း မာတစ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

တရုတ်က လူလုပ် ကျွန်းတုများ၌ စစ်ဘက်အဆောက်အအုံများ တည်ဆောက်နေသည့် တောင်တရုတ်ပင်လယ်တွင် စပရက် တလီကျွန်းစု၌ သင်္ဘောဖျက်ဒုံးများ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးများအပါအဝင် လက်နက်များချထားကြောင်း အထောက်အထားများကိုလည်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ စင်ကာပူ၊ ဒေသတွင်းနှင့် အိန္ဒိယတို့အကြား ခိုင်မာသောဆက်ဆံရေးအား လီက ကြိုဆိုခဲ့သည်။

အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် စင်ကာပူက ဒေသဆိုင်ရာ အစီအစဉ် အထူးသဖြင့် Regional Comprehensive Economic Partnership အစီအစဉ်ကို အပြီးသတ်နိုင်ရန်အတွက် အိန္ဒိယနှင့် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။ ထိုအစီအစဉ်သည် အာဆီယံနှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်တို့ပါဝင်သည့် အဆိုပြုထားသော လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ဖြစ်သည်။

လီနှင့် မိုဒီတို့သည် ရေကြောင်းကာကွယ်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ မူးယစ်ဆေးဝါးကုန် သွယ်မှုအား တိုက်ဖျက်ရေးစသည့် နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်လည်း သဘောတူခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ငွေပေးချေမှုစနစ်များအား ချိတ်ဆက်ရန် အလုပ်သဘောအဖွဲ့တစ်ဖွဲ့ကိုလည်း ၎င်းတို့က ဖွဲ့စည်းခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ဒေါ်လာကိုးဘီလျံသာ ရှိခဲ့ရာမှ ဒေါ်လာ ၁၈ ဘီလျံအထိ မြင့်တက်ခဲ့သော စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို ၎င်းတို့က ပြန်လည်သုံးသပ်ခဲ့ကြသည်။

Ref ; AFP