အတိုက်အခံတို့ သပိတ်မှောက်ထားသော ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲ ကျင်းပ

အတိုက်အခံတို့ သပိတ်မှောက်ထားသော ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲ ကျင်းပ
Published 21 May 2018

မေ ၂၀ ရက်က မြို့တော်ကာရာကတ်ရှိ မဲရုံတွင် လာရောက်မဲထည့်နေသော ဗင်နီဇွဲလားသမ္မတ မာဒူရိုအား တွေ့ရစဉ် (Photo: AFP)

အတိုက်အခံတို့က သပိတ်မှောက်ထားသော ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲကို မေ ၂၀ ရက်က ကျင်းပခဲ့သည်။ ယခုရွေးကောက်ပွဲတွင် လက်ရှိသမ္မတ နီကိုးလက်စ်မာဒူရိုသာ အလွယ်တကူ အနိုင်ရသွားလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းလျက်ရှိကြသည်။

ကွယ်လွန်သွားပြီဖြစ်သော လက်ဝဲခေါင်းဆောင် ဟူဂိုချားဗက်ဇ်၏ နိုင်ငံရေးဆက်ခံသူ မာဒူရိုသည် အဓိကအတိုက်အခံဖြစ်သော ဟင်နရီဖယ်ကွန်ကို အနိုင်ပိုင်းနိုင်လိမ့်မည်ဟု သုံးသပ်နေကြသည်။ စစ်တပ်အရာရှိဟောင်းနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သော ဟင်နရီဖယ်ကွန်မှာမူ အဓိက အတိုက်အခံခေါင်းဆောင်များ၏ ထောက်ခံမှုကို မရရှိထားသူဖြစ်သည်။ နောက်ထပ်သမ္မတ ကိုယ်စားလှယ်လောင်းတစ်ဦးမှာ ဧဝံဂေလိသင်းအုပ်ဆရာဖြစ်သော ဇာဗီယာဘာတူစီ ဖြစ်သည်။

မဲရုံများသည် ဒေသစံတော်ချိန် နံနက် ၆ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ခြောက်နာရီတွင် ပိတ်မည်ဖြစ်သည်။

မဲရုံဖွင့်ပြီး မကြာမီမှာပင် အသက် ၅၅ နှစ်အရွယ် သမ္မတမာဒူရိုသည် အနီတောက်တောက်ရှပ်အင်္ကျီကို ဝတ်ဆင်ကာ ဇနီးဖြစ်သူ ဆီလီယာဖလော၊ လူယုံအရာရှိများနှင့်အတူ မြို့တော်ကာရာကတ်ရှိ မဲရုံတစ်ခုတွင် လာရောက်မဲပေးခဲ့သည်။

ကနဦးအစီအစဉ်များအရ ထိုရွေးကောက်ပွဲများကို ဒီဇင်ဘာလတွင် ကျင်းပရမည်ဖြစ်သည်။ ထို့နောက် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ဧပြီ ၂၂ ရက်သို့ ရွှေ့ပြောင်းလိုက်ပြီး ထိုမှတစ်ဖန် မေ ၂၀ ရက်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် အတိုက်အခံများကရော နိုင်ငံတကာကပါ အပြင်းအထန် ဝေဖန်လျက်ရှိကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။

ယခုသမ္မတရွေးကောက်ပွဲအတွက် မဲပေးနိုင်သူဦးရေမှာ ၂၀ ဒသမ ၅ သန်းရှိသည်။

“ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှု နည်းပါးနေကြတဲ့အတွက် မဲလာပေးသူဦးရေလည်း လျော့ကျသွားနိုင်ပါတယ်။ ထို့ကြောင့် မာဒူရိုဟာလည်း လူထုရဲ့ကန့်ကွက်မှု များများစားစားမပါတဲ့ အကျိုးအမြတ်ကို ခံစားရနိုင်ပါတယ်” ဟု Eurasia Group မှ လေ့လာသူ ရီဆာဂရစ်-တာဂိုက ဆိုသည်။

မာဒူရိုကမူ ၎င်းပြန်လည်ရွေးကောက်ခံရပါက စီးပွားရေးတွင် အလုံးစုံပြုပြင်ပြောင်းလဲမှုများ လုပ်ပေးမည်ဟု မေ ၁၉ ရက်က ကတိပေးခဲ့သည်။ ဖယ်ကွန်ကမူ ၎င်းအနိုင်ရပါက အမေရိကန်ဒေါ်လာကို နိုင်ငံသုံးငွေကြေးအဖြစ် သတ်မှတ်မည်ဟု ကတိပြုထားသည်။