အီရန်နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့ပြီးနောက် ပင်လယ်ကွေ့ဒေသတွင် မရေရာဖြစ်နေဟု အမေရိကန်ရေတပ် သုံးသပ်

အီရန်နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့ပြီးနောက် ပင်လယ်ကွေ့ဒေသတွင် မရေရာဖြစ်နေဟု အမေရိကန်ရေတပ် သုံးသပ်
Published 16 May 2018

၂၀၁၂ ခုနှစ် အောက်တိုဘာ ၈ ရက်က Bab el- Mandeb ရေလက်ကြား ဖြတ်သန်းသည့်နေရာ၌ အမေရိကန်လေယာဉ်တင်သင်္ဘော USS Enterprise (ဝဲ) နှင့် ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော USS Nitze ကို တွေ့ရစဉ် (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အီရန်နျူကလီးယား သဘောတူညီမှုမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပင်လယ်ကွေ့တွင် အီရန်၏ ပြုမူဆောင်ရွက်မှုများသည် မရေရာမှု ကာလတစ်ခုကို ချင်းနင်းလာပြီဟု အမေရိကန်ရေတပ် အကြီးအကဲက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အီရန်စစ်တပ်၏ အခွဲဖြစ်သော အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ပင်လယ်ကွေ့ရှိ အမေရိကန်စစ်တပ်အကြား ရံဖန်ရံခါ ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့သော်လည်း ယမန်နှစ်မှစပြီး ကြီးမားသည့်ဖြစ်စဉ် မရှိခဲ့ပေ။

မေ ၈ ရက်တွင် ထရန့်က အီရန်နျူကလီးယား သဘောတူညီမှုမှ အမေရိကန်နုတ်ထွက်မည်ဟု ထုတ်ပြန်ခဲ့မှုသည် အီရန်က မည်သို့တုံ့ပြန်မည်နှင့်ပတ်သက်သည့် မေးခွန်းများ ဦးတည်စေခဲ့သည်။

“မရေရာမှုကာလတစ်ခုကို ကျွန်တော်တို့ ရောက်ရှိနေပြီ။ ကျွန်တော်တို့ ပုံမှန်ထက် သတိပေးချက်တွေ ထုတ်ပြန်ထားတယ်” ဟု ရေတပ်စစ်ဆင်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဂျွန်ရစ်ချက်ဆန်က ပြောကြားခဲ့သည်။ ထရန့်ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပြီးနောက် အီရန်၏ ပြုမူဆောင်ရွက်မှုက ယခုအချိန်ထိ ပြောင်းလဲမှု မရှိသေးသော်လည်း အနီးကပ် စောင့်ကြည့်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အပြန်အလှန်ဆက်သွယ်မှုများသည်  ပရောဖက်ရှင်နယ်ပီသပြီး လုံခြုံမှုရှိနေဆဲဟု ၎င်းက ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် အီရန်တော်လှန်ရေးတပ်ဖွဲ့ ရေယာဉ်များသည် မကြာခဏ နောက်ယောင်ခံလိုက်ကြပြီး အမေရိကန်သင်္ဘောများဆီသို့ ဦးတည်မောင်းနှင်မှုများ လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးဖြစ်စဉ်တစ်ခုတွင် အမေရိကန်သင်္ဘောသားများသည် အချက်ပြမီး ပစ်လွှတ်ခဲ့ပြီး အီရန်ရေယာဉ်များကို ပြန်လှည့်ရန် သတိပေးပစ်ခတ်ခဲ့ရသည်။

ရစ်ချက်ဆန်သည် ဗာဂျီးနီးယားကမ်းလွန်ပင်လယ်ပြင်မိုင် ၁၀၀( ၁၆၀ ကီလိုမီ တာ) အကွာတွင် ပြင်သစ်သင်္ဘောသားနှင့် ရဟတ်ယာဉ်မှူး ၃၀၀ ကျော်နှင့် ပူးတွဲလေ့ကျင့်မှု ပြုလုပ်နေသည့် USS George H.W.Bush သင်္ဘောသို့ တစ်ရက်ကြာ သွားရောက်ခဲ့ပြီးနောက် သတင်းထောက်များကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle သည် လတ်တလောတွင် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နေသည့် အတွက် ၎င်း၏ Rafale လေယာဉ်မှူးနှင့် အမှုထမ်းများသည် USS George H.W.Bush နှင့်အတူ လေ့ကျင့်မှုများ လုပ်ဆောင်နေသည်။

ပင်လယ်ကွေ့ရှိ အမေရိကန်လေယာဉ် တင်သင်္ဘောတစ်စင်းပေါ် ဆင်းသက်ရန်ပြင်ဆင်နေသည့် အမေရိကန် စစ်လေယာဉ်များမှ ပေ ၁၀၀ ( မီတာ ၃၀) အကွာအဝေးအတွင်း အီရန်မောင်းသူမဲ့လေယာဉ်တစ်စင်းက ဝင်ရောက်ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ယမန်နှစ် သြဂုတ်တွင် ပြောကြားခဲ့သည်။

Ref ; AFP