ကမ္ဘာကို လှုပ်ခါစေခဲ့သည့် လက်ဆွဲနှုတ်ဆက်မှုများ

ကမ္ဘာကို လှုပ်ခါစေခဲ့သည့် လက်ဆွဲနှုတ်ဆက်မှုများ
Published 27 April 2018

ဧပြီ ၂၇ ရက်က မြောက်နှင့်တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦးတို့ လက်ဆွဲနှုတ်ဆက်ရန်အတွက် စစ်ရေးပိုင်းခြားမှုမျဉ်းထံသို့ ရောက်လာခဲ့ခြင်းသည် ဆယ်စုနှစ်ပေါင်းများစွာ ကွဲလွဲနေခဲ့ကြသော ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် တဒင်္ဂအားဖြင့် စည်းလုံးမှု သင်္ကေတကို ဖော်ဆောင်နိုင်ခဲ့သည်။

ကိုရီးယားခေါင်းဆောင်နှစ်ဦးကြားမှ လက်ဆွဲနှုတ်ဆက်မှုသည်  နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည်ကို လပေါင်းများစွာ ကမ္ဘာတစ်ဝန်း၌ စိုးရိမ်ကြောင့်ကြခဲ့ရမှုများပြီးနောက် လျင်မြန်စွာ ပြန်လည်ပေါင်းထုတ်မှု နောက်ဆုံး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

အောက်ပါ ဖြစ်စဉ်များမှာလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သည့် အခြားသော လက်ဆွဲနှုတ်ဆက်မှုများဖြစ်ခဲ့သည်။

 

■ အာရာဖက် - ရာဘင် (၁၉၉၃)

နော်ဝေနိုင်ငံတွင် လပေါင်းများစွာ လျှို့ဝှက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က အော်စလို သဘောတူညီချက်  လက်မှတ်ရေးထိုးမှု၌ အစ္စရေးဝန်ကြီးချုပ် ရစ်ဇက်ရာဘင်နှင့် ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖက်တို့သည် အိမ်ဖြူတော်၏ တောင်ဘက် မြက်ခင်းပြင်သို့ အသိသက်သေအနေနှင့် ရောက်လာခဲ့ကြသည်။ ထို့နောက်တွင် အမေရိကန်သမ္မတ ဘီလ်ကလင်တန်ရှေ့၌ အာရာဖက်နှင့် ရာဘင်တို့ လက်ဆွဲနုတ်ဆက်ခဲ့ကြသည်။ ယင်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အထင်ရှားဆုံး အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့သည်။

 

■ အိုဘားမား- ကတ်စထရို (၂၀၁၃)

၂၀၁၆ ခုနှစ်က နယ်ဆင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားတစ်ခုအတွင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးကတ်စထရိုတို့၏ လက်ဆွဲနှုတ်ဆက်မှုသည် ကမ္ဘာတစ်ဝန်း၌ ခေါင်းစီးသတင်းဖြစ်ခဲ့သည်။ ယင်းဖြစ်စဉ်သည် ဆယ်စုနှစ်များစွာ ရန်ငြိုးရှိခဲ့သော အိမ်နီးချင်းနှစ်နိုင်ငံ၏ ခေါင်းဆောင်နှစ်ဦးကြားတွင် ပထမဆုံးလူမြင်ကွင်းရှေ့၌ လက်ဆွဲ နှုတ်ဆက်မှုဖြစ်လာခဲ့သည်။ ထို့နောက် လအနည်းငယ်အတွင်းမှာပင် နှစ်နိုင်ငံဆက်ဆံရေးမှာ အလျင်အမြန် ကောင်းမွန်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်တွင်မူ တစ်ချိန်က ဖြစ်လာမည်ဟုပင် မမျှော်လင့်ရဲခဲ့သော နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ပြန်လည် အသက်ဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်မူ အိုဘားမားသည် ၈၈ နှစ်အတွင်း ကျူးဘားသို့ သွားသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။

 

■ အဲလိဇဘတ်ဘုရင်မ- မက်ဂင်းနစ် ( ၂၀၁၂)

ဗြိတိန်စစ်တပ်နှင့် အိုင်ယာလန် ရီပတ်ဘလီကင်စစ်တပ် (IRA) တို့ကြားတွင် နှစ်ပေါင်းများစွာ သွေးချောင်းစီးပဋိပက္ခများ ဖြစ်ပွားပြီးနောက် မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ပေါ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်က မြောက်အိုင်ယာလန်သို့ အဲလိဇဘတ်ဘုရင်မ၏ ခရီးစဉ်အတွင်း ဘုရင်မနှင့်  IRA မှ ထိပ်တန်း  အကြီးအကဲဟောင်းဖြစ်သော မက်ဂင်းနစ် (လက်ရှိ မြောက်အိုင်ယာလန်၏ ဒုတိယအကြီးအကဲ) တို့လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ယင်း ဖြစ်စဉ်သည်လည်း တစ်ချိန်က ဖြစ်လာမည်ဟု မမျှော်လင့်ရဲခဲ့သော ပြန်လည်ပေါင်းစည်းမှုသို့ ဦးတည်သည့် သင်္ကေတဖြစ်လာခဲ့သည်။

 

■ ရှီကျင်ပင်း-မာယင်ကျိုး

၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်းစစ်ပွဲ နောက်ပိုင်း တရုတ်နှင့် ထိုင်ဝမ်ခေါင်းဆောင်တို့သည် စင်ကာပူတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ မကြံစဖူးဖြစ်စဉ် တစ်ခုအဖြစ် တရုတ်သမ္မတရှီကျင်ပင်းနှင့် ထိုင်ဝမ်ခေါင်းဆောင် မာယင်ကျိုးတို့သည် သတင်း ထောက်များစွာ၏ရှေ့တွင် တစ်မိနစ်ကြာ လက်ဆွဲနှုတ်ဆက်ကာ ပြုံးပြခဲ့ကြသည်။ ထို့နောက်တွင် တရုတ်နှင့် ထိုင်ဝမ်ကြားမှ တင်းမာမှုများ လျော့ကျခဲ့ပြီး အရေးပေါ်ဖုန်းလိုင်းများ ပြန်လည်ထားရှိခဲ့ကြကာ ထိပ်သီး အစည်းအဝေးပွဲ  ကျင်းပနိုင်ခဲ့သည်။

 

■ ဒေါ်နယ်ထရန့် - ကင်ဂျုံအွန်

နောက်ထပ် နာမည်ကျော် လက်ဆွဲ နှုတ်ဆက်မှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအွန်တို့၏ လက်ဆွဲ နှုတ်ဆက်မှု ဖြစ်လာမည်ဟု ခန့်မှန်းရသည်။

Most Read

Most Recent