မြောက်ကိုရီးယား၏ ဖွံ့ဖြိုးလာသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်

မြောက်ကိုရီးယား၏ ဖွံ့ဖြိုးလာသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်
Published 22 April 2018

၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်က ပြုံယမ်းရှိ ယိုမြောင်လမ်းတစ်လျှောက် လူနေအိမ်ရာများရှေ့မှ ဖြတ်သန်းသွားကြသူများကို တွေ့ရစဉ် (Photo: AP)

အဓိကဆောက်လုပ်ရေး စီမံကိန်းများအား တိုးချဲ့ရန် အရှိန်မြှင့်နေသော မြောက်ကိုရီးယားသည် နျူကလီးယားစီမံကိန်းကြောင့် ပိတ်ဆို့အရေးယူမှုများမှ သက်သာရာရစေရန် ခေါင်းဆောင်ကင်ဂျုံအွန် အစိုးရ၏ဘဏ္ဍာရေး အခြေအနေကို အားကောင်းစေရန်အတွက် ငှားရမ်းသော သို့မဟုတ် ကိုယ်ပိုင် ပိုင်ဆိုင်သော အိမ်ခြံမြေဈေးကွက်တစ်ခုအထိ ချဲ့ထွင်ရန် ရည်မှန်းနေခြင်းဖြစ်ဟု ကျွမ်းကျင်သူအချို့က ယူဆနေကြသည်။

ကင် အာဏာရလာပြီးနောက်ပိုင်း တိုးတက်လာနေသော်လည်း အများအားဖြင့် တရားဝင်မဖြစ်သေးသည့် ဈေးကွက်စီးပွားရေးစနစ်၌ ပိုင်ဆိုင်မှုများတိုးပွားလာသည့် လူတန်းစားသစ်ကို အိမ်ခြံမြေများ ရောင်းချခြင်းဖြင့် ငွေကြေးအလွန်အမင်း ပြတ်လတ်နေသည့် မြောက်ကိုရီးယားအစိုးရက ဝင်ငွေရင်းမြစ်သစ်ကို အားကောင်းစေရန် ကြိုးပမ်းနေပုံရသည်။

မြောက်ကိုရီးယားစီးပွားရေးအား အစဉ်အလာအားဖြင့် ထောက်ပံ့နေသော တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ပေကျင်း၏ ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်လာနေချိန်တွင် မြောက်ကိုရီးယားမှ ပြန်လည်ရုပ်သိမ်းနေခြင်းကြောင့် ပြုံယမ်းသည် ဖိအားများကို ပိုမိုရင်ဆိုင်နေရသည်။

ဒေါ်လာတစ်ဘီလျံကျော် ကုန်ကျနိုင်သည့် ဆောက်လုပ်ရေးစီမံကိန်းများ၏နောက်တွင် အရှိန်အဟုန်များစွာ ရှိနေသည်။ ယင်းစီမံကိန်းများသည် ကင်လက်ထက်တွင် ပြုံယမ်းမိုးမျှော်တိုက်အား အသွင်ပြောင်းခဲ့သည့် ခြောက်နှစ်ကြာမြင့်ခဲ့သော စိတ်လွတ်လက်လွတ် ဆောင်ရွက်ခဲ့သည့် အဆောက်အအုံ စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

မြောက်ကိုရီးယား တာဝန်ရှိသူများက နိုင်ငံထူထောင်မှု အနှစ် (၇၀) ပြည့် အထိမ်းအမှတ် ကျရောက်သည့် လာမည့်စက်တင်ဘာတွင် အထိမ်းအမှတ်များ ဆင်နွှဲရာ၌ ဂုဏ်ယူဝင့်ကြွားနိုင်ရန် အနည်းဆုံးအားဖြင့် စီမံကိန်းအချို့ ပြီးစီးနိုင်မည်ဟု မျှော်လင့်ထားသည်။

“၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက ကျွန်တော်တို့တွေက နှစ်စဉ်နှစ်တိုင်း စီမံကိန်းသစ်တစ်ခုကို ဖော်ဆောင်နေတယ်။ အခုချိန်ကစပြီး နောက်တစ်နှစ်မှာ မြို့ထဲမှာ အပြောင်းအလဲတွေ အများကြီး လုပ်နိုင်မယ်လို့ထင်တယ်” ဟု မြောက်ကိုရီးယားတွင် ဗိသုကာပညာဆိုင်ရာ သုတေသနနှင့် ဒီဇိုင်းဖန်တီးသည့် စင်တာဖြစ်သော Paektusan ဗိသုကာပညာအကယ်ဒမီမှ ပညာရှင် ကင်ကမ်ချိုက ပြောကြားခဲ့သည်။

ယခုနှစ်တွင် အဓိကစီမံကိန်း သုံးခုရှိကြောင်း ၎င်းက ဆိုခဲ့သည်။ ပထမစီမံကိန်းမှာ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီး တည်ဆောက်ခဲ့သော အထပ်နိမ့် အဆောက်အအုံများနေရာတွင် နေရာအသုံးချမှု ပိုမိုထိရောက်သော မိုးထိတိုက်သစ်များ၊ ရုံးများ၊ အစိုးရ အဆောက်အအုံများနှင့် လူနေအထပ်မြင့် အဆောက်အအုံများဖြင့် အစားထိုးပြီး ပြုံယမ်းစင်တာတစ်ခု ဖန်တီးရန်ဖြစ်သည်။

ဒုတိယစီမံကိန်းမှာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းရှိ ဝန်ဆန်-ကယ်မာဧရိယာတွင် ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ထိ ပါဝင်သော ဟိုတယ် ၁၀ လုံးကျော်၊ လူနေအိမ်ရာ ထောင်ပေါင်းများစွာနှင့် အပန်းဖြေ အဆောက်အအုံအချို့တို့ကို တည်ဆောက်ရန်အတွက် စီစဉ်နေ သို့မဟုတ် ဆောင်ရွက်နေကြောင်း ကင်က ပြောကြားခဲ့သည်။

တတိယအစီအစဉ်မှာ အာဏာရ ကင်မျိုးဆက်၏ ယုံကြည်သက်ဝင်မှုဆိုင်ရာ အခြေပြုနေရာဖြစ်သော Paektu တောင်ခြေရှိ သဘာဝပသာဒဖြစ်သည့်မြို့ဖြစ်သော ဆမ်ဂျီယွန်ရှိ တရုတ်နယ်စပ်အနီးနေရာကို အာရုံစိုက်ထားခြင်းဖြစ်သည်။ ယင်းဧရိယာသည် လုံးလုံးလျားလျားေ ပြောင်းလဲပစ်သည့် အစဉ်အလာများတွင် ပညာရေးအတွက် အမိုးပွင့်ပြတိုက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း အစိုးရမီဒီယာများက ဖော်ပြခဲ့သည်။

အမျိုးသားရေးဆိုင်ရာ ဝင့်ကြွားရန်၊ သစ္စာခံမှုအား ချီးမြှောက်ရန်နှင့် အာဏာရအစိုးရ၏ ဂုဏ်သိက္ခာ အားကောင်းစေရန် ပြစားသည့် စီမံကိန်းများအား အမြဲတမ်းအသုံးချလေ့ရှိသည့် မြောက်ကိုရီးယားတွင် ကင်ဂျုံအွန် အာဏာရလာပြီးနောက်ပိုင်း ဒွန်ဂျူဟု လူသိများသော ‘ငွေကြေး ဆရာများ’ ဟုခေါ်သည့် လူတန်းစားများ ထင်ပေါ်လာပြီး ယခင်က မရှိခဲ့သော ပိုမိုကောင်းမွန်သည့် အိမ်ရာများအတွက် ဈေးကွက်တစ်ခုကို ဖြစ်လာစေခဲ့သည်။ ယင်းလူတန်းစားအများစုသည် မြို့တော်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအား အကောင်းဆုံးဖြစ်သော ဝန်ဆန်တွင် နေထိုင်ကြသည်။

ပြီးခဲ့သောနှစ်တွင် မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှုများ မတိုးမြှင့်မီ ပြုံယမ်းသည် ပေကျင်းထံ သယံဇာတရင်းမြစ်များ ဧရာမရောင်းချမှုနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်း အားကောင်းမှုနှင့် တိုက်ဆိုင်နေခဲ့သည်။ သဘောတရားအရ အဆောက်အအုံများ၊ စက်ရုံများနှင့် မြေများအပါအဝင် အရင်းအနှီးအားလုံးကို အစိုးရက ပိုင်ဆိုင်သည့် ဆိုရှယ်လစ်မြောက်ကိုရီးယားတွင် အိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် ပြည်သူအားလုံးကို အခမဲ့ထောက်ပံ့သည်။ သို့သော် အိမ်ခြံမြေများအား အပြတ်ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့သည် ယင်းကဲ့သို့ တတ်နိုင်သူများထံမှ ငွေများကို အစိုးရဘဏ္ဍာထဲသို့ ဝင်ရောက်စေမည်ဖြစ်သည်။ ကြိုတင်ပေးသွင်းရန် တောင်းဆိုမှုကလည်း လုပ်ဆောင်နေသည့် စီမံကိန်းများ သို့မဟုတ် စီစဉ်နေသည့် စီမံကိန်းများအတွက် ငွေကြေးများ ထောက်ပံ့နိုင်မည်ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာနောက်ပိုင်း တရုတ်၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်း၊ ပြည်ပချေးငွေများ သို့မဟုတ် အခြားရင်းနှီးမြှုပ်နှံသူများအား ကင်အစိုးရက မဆွဲဆောင်နိုင်ခြင်းတို့က စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်ရန် အလားအလာကို အလွန်အမင်း သံသယဝင်စေနိုင်ပြီး စစ်ဘက်အတွက် ထောက်ပံ့မှုကို မတည်မငြိမ် ဖြစ်စေနိုင်ကြောင်း အမေရိကန်အခြေစိုက် Foreign Policy Research Institute ၏ ပညာရှင်နှင့် North Korea Economy Watch ဝက်ဘ်ဆိုက်မှ ပူးတွဲအယ်ဒီတာ ဘင်ဂျမင်ကတ်ဇက်ဖ်ဆီဘာ စတိန်းက သုံးသပ်ခဲ့သည်။

Ref: AP