ဂါဇာကမ်းမြောင်တွင်IS တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဟားမတ်စ်လုံခြုံရေးတစ်ဦး သေဆုံး

ဂါဇာကမ်းမြောင်တွင်IS တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဟားမတ်စ်လုံခြုံရေးတစ်ဦး သေဆုံး
Published 18 August 2017

သြဂုတ် ၁၇ ရက်က ဂါဇာကမ်းမြောင်တောင်ဘက် ရာဖာတွင် စစ်ဆေးရေးဂိတ်တစ်ခု၌ ကားတစ်စီးအား စစ်ဆေးနေသော ပါလက်စတိုင်းဟားမတ်စ်အဖွဲ့ဝင်များ

ဂါဇာကမ်းမြောင်တွင် သြဂုတ် ၁၇ ရက်က အသေခံဗုံးခွဲသမားတစ်ဦးကြောင့် ဟားမတ်စ်လုံခြုံရေးတစ်ဦး သေဆုံးခဲ့ပြီး ပါလက်စတိုင်းတို့ကို IS တို့၏ ရှားရှားပါးပါး တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့သည်။ ဆိုင်နိုင်းကျွန်းဆွယ် တစ်လျှောက်ဂါဇာ၌ အီဂျစ်နှင့်တစ်ခုတည်းသော နယ်စပ်စခန်း ရာဖာအနီးတွင် ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်က အသေခံဗုံးခွဲ မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဂါဇာတွင် ဟားမတ်စ်တို့ကို ပစ်မှတ်ထားသော ပထမဆုံး အသေခံတိုက်ခိုက်မှုဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

“ဒီနေ့ မနက်အစောကြီးက အီဂျစ်နဲ့ နယ်စပ်နားမှာ လူနှစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ အဲဒီထဲက တစ်ယောက်က အသေခံဗုံးခွဲခဲ့ပါတယ်” ဟု ဟားမတ်စ်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်၏ စစ်ရေးလက်ရုံးအဖွဲ့ဖြစ်သော အက်ဇီဒင်းအယ်ကာဆန်တပ်ဖွဲ့က ၎င်းတို့၏ တပ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ သေဆုံးခဲ့သော အသက် ၂၈ နှစ်အရွယ် နိုင်ဒယ်အယ်ဂျာဖရီ၏ ဓာတ်ပုံများကို အယ်ကာဆန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းအသေခံတိုက်ခိုက်မှုအတွက် ဂျီဟတ်တို့ကို အယ်ကာဆန်အဖွဲ့က အပြစ်တင်ခဲ့ပြီး အသေးစိတ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။

အီဂျစ်နှင့် နယ်စပ်စခန်း ရာဖာမှမီတာ အနည်းငယ်အကွာတွင် အသေခံတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးသတင်း ရင်းမြစ်များကပြောကြားခဲ့သည်။ အမျိုးသားနှစ်ဦးသည် လုံခြုံရေးစခန်းငယ်သို့ ချဉ်းကပ်ခဲ့ပြီး လုံခြုံရေးငါးဦးက ၎င်းတို့အား ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ တိုက်ခိုက်သူနှစ်ဦးအနက် ဒုတိယမြောက်လူသည် ဒဏ်ရာအနည်းငယ်ရရှိသွားပြီး လုံခြုံရေးလေးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်သည် ဂါဇာကို ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်နေခဲ့ပြီး ဂါဇာရှိ ပို၍အစွန်းရောက်သော ဆလာဖီအုပ်စုများက ဟားမတ်စ်တို့ကို အမြဲဝေဖန်တတ်သည်။ ဟားမတ်စ်တို့က ဂါဇာရှိ ဆလာဖီအုပ်စုတို့ကို နှိမ်နင်းလေ့ရှိသည်။  အီဂျစ်နှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းနေသောကြောင့် ဟားမတ်စ်တို့က နယ်စပ်တစ်လျှောက်တွင် မကြာသေးခင်က အင်အားမြှင့်တင်ထားသည်။ ဂါဇာနှင့် ထိစပ်နေသော ဆိုင်နိုင်းကျွန်းဆွယ်တွင် အစွန်းရောက် အစ္စလာမ္မစ်တို့က အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည်။

အီဂျစ်သည် မကြာသေးခင်နှစ်များက ရာဖာနယ်စပ်စခန်းကို ပိတ်ပင်ထားပြီး လူသားချင်းစာနာထောက်ထားမှု ကူညီမှုများအတွက်နှင့် ဟာ့ဂျ်ဝတ်ပြုခရီးစဉ်အတွက် သြဂုတ် ၁၄ ရက်မှစ၍ လေးရက်တိုင်တိုင် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ အီဂျစ်နှင့် အစ္စရေးတို့သည် ဂါဇာနှင့် နယ်စပ်ထိစပ်နေသည့် နှစ်နိုင်ငံဖြစ်သည်။ အစ္စရေးက ဂါဇာကို ဆယ်စုနှစ်ချီ ပိတ်ဆို့ထားပြီး ဂါဇာရှိ ပါလက်စတိုင်းပြည်သူ့စစ်များနှင့် အစ္စရေးတို့သည် ၂၀၀၈ ခုနှစ်မှစပြီး စစ်ပွဲသုံးကြိမ် တိုက်ခိုက်ထားသည်။

Ref း AFP