လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် လူထု ကန့်ကွက်မှုခံရသည့် ထိုင်ဝမ်ဝန်ကြီး နုတ်ထွက်

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် လူထု ကန့်ကွက်မှုခံရသည့် ထိုင်ဝမ်ဝန်ကြီး နုတ်ထွက်
Published 17 August 2017

အိမ်ထောင်စုပေါင်း ၆ ဒသမ ၆၈ သန်းအား သက်ရောက်စေခဲ့သည့် ထိုင်ဝမ်ကျွန်းတစ်လွှား ကြီးမားသော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လူထုကန့်ကွက်မှုခံရပြီးနောက်တွင် ထိုင်ဝမ်စီးပွားရေးဝန်ကြီးသည် သြဂုတ် ၁၅ ရက်တွင် ရာထူးမှ နုတ် ထွက်ခဲ့သည်။

စက်လည်ပတ်မှုဆိုင်ရာ အမှားဖြစ်ပေါ်ပြီးနောက် မြောက်ပိုင်းတိုင်ရွမ်နယ်မှ ထိုင်ဝမ်၏ အကြီးမားဆုံး ဓာတ်ငွေ့သုံးစွမ်းအင် ထုတ်လုပ်ရေးစက်ရုံမှ ဂျင်နရေတာ ခြောက်လုံး အလုပ်လုပ်မှုရပ်တန့်သွား၍ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ စီရင်စုနယ် ၁၇ နယ်တွင် လျှပ်စစ်ပြတ်တောက်မှုဖြစ်ခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်း၏ လမ်းအများအပြားတွင် ယာဉ်ကြောထိန်း အချက်ပြမီးများပျက်ပြီး လူအများအပြားမှာ စက်လှေခါးများတွင် ပိတ်မိ၍ ထိခိုက်မှုများဖြစ်ခဲ့ပြီး အမျိုးသား ရဲတပ်ဖွဲ့က အကူအညီများ ပေးခဲ့ရသည်။

ထိုင်ဝမ်ဓာတ်အားပေး လုပ်ငန်းကို ကြီးကြပ်ရသည့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး လီချီကွမ်က ၎င်း၏နုတ်ထွက်လွှာကို သြဂုတ် ၁၅ ရက် ညတွင်တင်ခဲ့ပြီး ဝန်ကြီးချုပ် လီချွမ်က လက်ခံခဲ့သည်။

ဓာတ်အားချွေတာရန်အလို့ငှာ ဌာနဆိုင်ရာများ၌ လေအေးပေးစက်များကိုပိတ်ထားရန် အမိန့်ထုတ်၍ ထိုင်ဝမ်အစိုးရဝေဖန်ခံရပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် နှောင်းပိုင်း တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားပို့လွှတ်သည့် စခန်းတစ်ခုပျက်စီးခဲ့ရာမှ ဓာတ်အားပြတ်တောက်မှု စတင်ဖြစ်ပေါ်ခဲ့သည်။ ပင်စင်ဖြတ်တောက်မှုနှင့် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုစသည့် အငြင်းပွားဖွယ် မူဝါဒများကြောင့် ထိုင်ဝမ်အစိုးရအပေါ် လူကြိုက်များမှု လျော့ကျလာခဲ့သည်။

Ref: AFP