မလေးရှားသို့သွားမည့် ဘင်္ဂါလီမွတ်စလင်များပါလာသော သင်္ဘောတစ်စင်း ထိုင်းကျွန်းတွင် ခေတ္တရပ်နား

မလေးရှားသို့သွားမည့် ဘင်္ဂါလီမွတ်စလင်များပါလာသော သင်္ဘောတစ်စင်း ထိုင်းကျွန်းတွင် ခေတ္တရပ်နား
Published 2 April 2018

ရွှေ့ပြောင်းအခြေချသူများ လိုက်ပါလာသည့် သင်္ဘောတစ်စင်းအား ပင်လယ်ထဲ၌ တွေ့ရစဉ် (Photo- AFP)

မလေးရှားနိုင်ငံသို့ သွားလိုသည့် ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည် ဒါဇင်ပေါင်းများစွာ လိုက်ပါလာသော သင်္ဘောတစ်စင်းသည် ထိုင်းကျွန်းတစ်ကျွန်းပေါ်၌ ခေတ္တယာယီ ရပ်နားခဲ့သည်ဟု သက်ဆိုင်ရာ အစိုးရအရာရှိတစ်ဦးက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များသည် ၂၀၁၅ ခုနှစ်က ဒေသတွင်း လူမှောင်ခိုကွန်ရက်များကို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ဘင်္ဂါလီမွတ်စလင် ရွေ့ပြောင်းအခြေချသူများ တောင်ပိုင်းရေ လမ်းကြောင်းအတိုင်းသွားရန် ကြိုးပမ်းမှုမှာ ရှားပါးသွားခဲ့သည်။ ထိုလူမှောင်ခိုကွန်ရက်များ ရှိစဉ်က ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာမှာ ကမ်းဝေးပင်လယ်ပြင် သို့မဟုတ် တောနက်များထဲ၌ စွန့်ပစ်ခံရမှုများစွာ ဖြစ်ပွားခဲ့သည်။

ဧပြီ ၁ ရက်အစောပိုင်းက ထိုင်းနိုင်ငံ ကရာဘီပြည်နယ်ထဲရှိ အနောက်ဘက်ကမ်းလွန်သို့ ဘင်္ဂါလီမွတ်စလင်များလိုက်ပါလာသည့် သင်္ဘောတစ်စင်းသည် ရာသီဥတုဆိုးရွားမှုကြောင့် ရောက်ရှိလာကြောင်း သိရသည်။ ကမ်းခြေပေါ်တွင် ခရီးသည်များအား မေးမြန်းနေကြပုံ၊ ၎င်းတို့လှေပေါ်ပြန်တက်ပြီး ထွက်ခွာသွားကြပုံများကို ဓာတ်ပုံများတွင် တွေ့ခဲ့ရသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များသည် ဘင်္ဂါလီမွတ်စလင်များ ဖြစ်ကြောင်းကို ကရာဘီအုပ်ချုပ်ရေးမှူး ဖြစ်သူ ကီတီဘိုဒီပရာဗီထရာက အတည်ပြုခဲ့သော်လည်း ၎င်းတို့ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိရှိကြောင်း ပြောသည်။

“ကနဦးသတင်းတွေအရ သူတို့ဟာ မုန်တိုင်းကို ရှောင်ဖို့အတွက် အခုမနက်ပိုင်းက ခိုလန်တာအနီးမှာ ဆိုက်ကပ်ခဲ့ပါတယ်။ သူတို့ဟာ မလေးရှားကို သွားလိုကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ခိုလန်တာဆိုသည်မှာ ခရီးသွားများအကြား ထင်ရှားသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။

အဆိုပါသင်္ဘောပေါ်တွင် အမျိုးသမီး၊ အမျိုးသား၊ ကလေးများ ၅၆ ဦး လိုက်ပါလာကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ပင်လယ်ထဲ၌ ဘင်္ဂါလီမွတ်စလင်အများအပြား လှေဖြင့်မျောပါနေကြသည့် ပြဿနာကို မွတ်စလင်အများစုနေထိုင်သော မလေးရှားနှင့် အင်ဒိုနီးရှားတို့က အကြီးအကျယ် အာရုံစိုက်ခဲ့ကြသည်။ ထိုစဉ် ထိုင်းနိုင်ငံကလည်း ထိုလှေသင်္ဘောများကို လက်မခံရန် မူဝါဒကို ဖက်တွယ်ထားခဲ့သည်။

အဆိုပါရေလမ်းကြောင်းများကို စီးပွားရေးအခြေအနေကြောင့် ရွှေ့ပြောင်းအခြေချရန် ကြိုးပမ်းသည့် ဘင်္ဂလားဒေ့ရှ်များကလည်း အသုံးပြုကြကြောင်း သိရသည်။

Ref; AFP