မြောက်ကိုရီးယားနှင့် ဆက်စပ်မှုဖြင့် တရုတ်လုပ်ငန်းများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုအား တရုတ်က ဆန့်ကျင်ကန့်ကွက်

မြောက်ကိုရီးယားနှင့် ဆက်စပ်မှုဖြင့် တရုတ်လုပ်ငန်းများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုအား တရုတ်က ဆန့်ကျင်ကန့်ကွက်
Published 26 February 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ တွေ့ရသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ

မြောက်ကိုရီးယားနှင့် တရားမဝင်စီးပွားရေး အဆက်အသွယ်များရှိသည့် စွပ်စွဲခံရသော တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ပြန်၍ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

မြောက်ကိုရီးယားနှင့် ဆက်စပ်မှုရှိသော သင်္ဘောကုမ္ပဏီများ၊ သင်္ဘောများ၊ ကုန်သွယ်ရေးလုပ်ငန်းများ ၅၀ ကျော်ကို အရေးယူပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့ပြီး မြောက်ကိုရီးယားကို ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများအနက် အကြီးဆုံးဟုလည်း သုံးနှုန်းခဲ့သည်။

ထိုပိတ်ဆို့မှုများသည် မြောက်ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မာရှယ်ကျွန်း၊ တန်ဇန်းနီးယား၊ ပနားမားနှင့် ကိုမိုရိုတို့၌ အခြေစိုက်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့လုပ်ထားသော ကုမ္ပဏီများအပေါ် သက်ရောက်မှုရှိခဲ့သည်။

“တရုတ်လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် အမေရိကန်ရဲ့ စီရင်ချက်နဲ့  တစ်ဖက်သတ် ပိတ်ဆို့မှုတွေကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ကန်စွမ်းက ဖေဖော်ဝါရီ ၂၄ ရက်က ပြောခဲ့ခြင်း ဖြစ်သည်။ “အမေရိကန်ကို ကျွန်တော်တို့ဘက်က အလေးအနက် စာတင်ထားပါတယ်။ နှစ်နိုင်ငံကြားက ပူးပေါင်းဆောင်ရွက်မှုတွေကို အားနည်းအောင် မလုပ်မိစေဖို့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့အတွက်လည်း အမေရိကန်ကို တောင်းဆိုထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်သည် ပိတ်ဆို့မှုများကြောင့် မြောက်ကိုရီးယားနိုင်ငံ ပြိုလဲသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် တရုတ်သည် မြောက်ကိုရီးယားအပေါ် အပြည့်အ၀ ရေနံကုန်သွယ်မှုပိတ်ပင်ရန် အမေရိကန်၏ တိုက်တွန်းချက်များကို လက်မခံခဲ့ပေ။ သို့သော် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများကိုမူ တရုတ်က ထောက်ခံခဲ့သည်။ “လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ဘက်ကလည်း တရုတ်နိုင်ငံသားနဲ့ ကုမ္ပဏီတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref; AFP