မြောက်ကိုရီးယားမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ

မြောက်ကိုရီးယားမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ
Published 26 February 2018

ဖေဖော်ဝါရီ ၂၅ ရက်က အင်တာကိုရီးယားတစ်ဆင့် ခံရုံးသို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်ယောင်ချို (လယ်) အား တွေ့ရစဉ် (Photo- AFP)

အမည်မည်းစာရင်း သွင်းခံထားရသော မြောက်ကိုရီယားဗိုလ်ချုပ်ကြီး ကင်ယောင်ချိုသည် ဆောင်းရာသီအိုလံပစ်ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ဖေဖော်ဝါ ရီ ၂၅ ရက်က တောင်ကိုရီးယားသို့ ရောက်လာသည်။ အိုလံပစ်ပိတ်ပွဲသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သမီးဖြစ်သူ အီဗင်ကာထရန့်လည်း တက်ရောက်ခဲ့သည်။

ပုဂ္ဂိုလ်ရှစ်ဦးပါ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် ကင်ယောင်ချိုတို့သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက လုံခြုံရေးထူထပ်စွာချထားသော စစ်မဲ့ဇုန်ကို ဖြတ်ကျော်ကာ တောင်ပိုင်းသို့ရောက်ရှိလာကြကြောင်း တောင်ကိုရီးယား ပြန်လည်ရင်ကြားစေ့ရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ ကင်ယောင်ချိုတို့၏ ခရီးစဉ်သည် ဖြောင်းချန်းအိုလံပစ်ပွဲ ကာလတစ်ခုလုံး သတင်းများ၏ ခေါင်းစီးဖြစ်နေခဲ့သော မြောက်ကိုရီးယားသံတမန်ရေးရာများ၏ နောက်ဆုံးလည်း ဖြစ်သည်။

ညလုံးပေါက်ဆန္ဒပြမှုများ

ကုတ်အင်္ကျီရှည်အနက်ကြီးကို ဝတ်ထားသော ကင်ယောင်ချိုအား တောင်ကိုရီးယား ပြန်လည်ရင်ကြားစေ့ရေး ဒုတိယဝန်ကြီး ချန်ဟေဆန်က နှုတ်ဆက်ခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က စီစဉ်ပေးထားသည့် အနက်ရောင်ဆီဒင်ကားတစ်စီးပေါ်သို့ တက်သွားသည်ကို ရုပ်သံသတင်းများထဲတွင် တွေ့ခဲ့ရသည်။

၂၀၁၀ ပြည့်နှစ်က လူ ၄၆ ဦးကို သေဆုံးစေခဲ့သော တောင်ကိုရီးယား ချန်နန်စစ် သင်္ဘောတော်ပီဒိုဖြင့် ပစ်ခံရမှုအပါအဝင် တောင်ကိုရီးယားကို ဦးတည်သည့်တိုက်ခိုက်မှုများစွာအတွက် ကင်ယောင်ချိုသည် အပြစ်တင်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယားသို့ စေလွှတ်သည့် ကိုယ်စားလှယ် အဖွဲ့ကိုကင်အား ဦးဆောင်ခိုင်းခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများစွာ ဖြစ်ခဲ့သည်။

ကွန်ဆာဗေးတစ်အမတ်များမှာမူ တောင်- မြောက် နယ်စပ်အနီးတွင် ကင်၏လာရောက်မှုကို ဆန့်ကျင်သည့်အနေနှင့် ညလုံးပေါက် ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ လူရာပေါင်းများစွာလည်း အတူပါဝင်ခဲ့ကြသည်။ “ကင်ယောင်ချိုကို ဖမ်းလိုက်” ၊ “ကျန်ရစ် သူမိသားစုတွေရဲ့ ရှေ့မှောက်မှာ ကင်ယောင်ချို ဒူးထောက်တောင်းပန်သင့်တယ်” ဟူသော စာတန်းများကို ဆန္ဒပြသူများက ကိုင်ဆောင်ထားခဲ့ကြသည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော တောင်ကိုရီးယား၏ ပိတ်ဆို့အရေးယူမှု အမည်မည်းစာရင်းတွင်လည်း ကင်ပါဝင်သည်။ သို့သော် ကင်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်သော ပိတ်ဆို့မှုစာရင်းတွင်မူ မပါဝင်ပေ။

 

ရူးမိုက်သော မှတ်ချက်များ

အိုလံပစ်ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ကင်ယောင်ချိုနှင့် အီဗင်ကာထရန့်တို့ကြားတွင် မည်သည့်တွေ့ဆုံဆွေးနွေးပွဲမှ ရှိမည်မဟုတ်ကြောင်း တောင်ကိုရီးယားရော အမေရိကန်အစိုးရ အရာရှိများကပါ ပြောခဲ့ကြသည်။ အီဗင်ကာထရန့်၏ တောင်ကိုရီးယားခရီးစဉ်တွင်မူ အမေရိကန်အစိုးရ အဖွဲ့ထဲမှ ကိုရီးယားအရေး ကျွမ်းကျင်သူများနှင့် အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးတို့ လိုက်ပါခဲ့ကြသည်။

အိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ကင်ယိုဂျုံ၏ ခရီးစဉ်မှာလည်း ကမ္ဘာတစ်ဝန်း၌ ဟိုးလေးတကျော် ဖြစ်စေခဲ့သည်။ ယင်းဖွင့်ပွဲအခမ်းအနားသို့ အမေရိကန် ဒုတိယသမ္မတမိုက်ပင့်စ်လည်း တက်ခဲ့သည်။ “ကင်ဂျုံအွန်ရဲ့ညီမဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံးနဲ့ နိုင်လိုမင်းထက်အလုပ်ဆုံး အစိုးရအဖွဲ့ရဲ့ အဓိကထောက်တိုင်တစ်ခုပါ။ ဒါ့အပြင် သူဟာ လူပေါင်း ၂၅ သန်းကို ပိတ်လှောင်ငတ်ပြတ်အောင်ထားပြီး ရက်ရက်စက်စက် အုပ်ချုပ်နေတဲ့ မကောင်းဆိုးရွား မိသားစုဝင်တစ်ဦးလည်းဖြစ်တယ်” ဟု ပင့်စ်က ပြောကြားခဲ့သည်။ လူသတ်သမား စစ်အုပ်ချုပ်ရေးများကို ဆန့်ကျင်ကြောင်းလည်း ပင့်စ်က ပြောသွားခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင်မူ ပင့်စ်၏ ပြောစကားများကို မြောက်ကိုရီးယားအစိုးရက အစိုးရမီဒီယာမှတစ်ဆင့် ပြန်လည်ရှုတ်ချခဲ့သည်။ “သူ့ရဲ့ ရူးမိုက်တဲ့မှတ်ချက်ကြောင့် သူကိုယ်တိုင်အပါအဝင် အမေရိကန်ဟာ ဘယ်လိုမျိုးနွံအိုင်မှာ နစ်ရမလဲဆိုတာ တွေ့ရပါလိမ့်မယ်” ဟု ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ထိပ်သီးခေါင်းဆောင်ပိုင်းနှင့် အစိုးရ၏ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ဝေဖန်ပုတ်ခတ်ခဲ့သောသူများနှင့် မြောက်ကိုရီးယားအစိုးရသည် အဆက်အသွယ် လုပ်မည်မဟုတ်ကြောင်းကို ထရန့်အနေနှင့် သိသင့်ကြောင်းလည်း ဖော်ပြခဲ့သည်။

“နောက်ထပ် နှစ် ၁၀၀၊ ၂၀၀ ကြာသွားရင်တောင် ကျွန်တော်တို့ဟာ သူတို့နဲ့ ဘယ်တော့မှ မျက်နှာချင်းဆိုင်ဆွေးနွေးမှာ မဟုတ်ဘူး” ဟုမြောက်ကိုရီးယားက ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်ကမူ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှုများ ချမှတ်ခဲ့သေးသည်။

Ref ; AFP