တိဘက်မှ အထွတ်အမြတ် အထားဆုံးနေရာတစ်ခုဖြစ်သော ဂျော့ဟန်းဘုရားကျောင်း၌ မီးလောင်မှုဖြစ်ပွား

တိဘက်မှ အထွတ်အမြတ် အထားဆုံးနေရာတစ်ခုဖြစ်သော ဂျော့ဟန်းဘုရားကျောင်း၌ မီးလောင်မှုဖြစ်ပွား
Published 19 February 2018

ဖေဖော်ဝါရီ ၁၇ ရက်က တိဘတ်ဒေသထဲရှိ နာမည်ကျော် ဂျော့ခိုင်းဘုရားကျောင်း မီးလောင်နေသည်ကို တွေ့ရစဉ် (Photo: tibetanjournal)

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်လာဆာရှိ ဂျော့ဟန်းဘုရားကျောင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ တိဘက်ဗုဒ္ဓဘာသာတွင် အထွတ်အမြတ် အထားဆုံးနေရာတစ်ခုဖြစ်သော ဂျော့ဟန်းဘုရားကျောင်း မီးလောင်မှုအတွင်း သေဆုံးဒဏ်ရာရသူမရှိဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မီးကြောင့် မည်ရွေ့မည်မျှ ပျက်စီးသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော ဂျော့ဟန်းဘုရားကျောင်းတွင် ဒေသစံတော်ချိန် ၆ နာရီ ၄၀ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။ လာဆာမြို့၏ဗဟိုချက်တွင် တည်ရှိသော ဂျော့ဟန်းဘုရားကျောင်း၏ သက်တမ်းမှာ နှစ်ပေါင်း ၁၃၀၀ ကျော်နေပြီဟု သိရသည်။

“မီးကို အလျင်အမြန်ပဲ ငြှိမ်းသတ်နိုင်လိုက်ပါတယ်။ သေဆုံးဒဏ်ရာရသူမရှိသလို အခြေအနေတွေ အားလုံးပုံမှန်ပါပဲ” ဟု အစိုးရပိုင် တိဘက်နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။ တိဘက်၏ ထိပ်တန်းကွန်မြူနစ်ပါတီ အရာရှိ ဝူယင်ဂျီသည် မီးလောင်သည့်နေရာသို့ အလျင်အမြန် ရောက်ရှိလာကြောင်းလည်း သတင်းထဲတွင် ဖော်ပြခဲ့သည်။

လူမှုမီဒီယာများပေါ်သို့ တင်ခဲ့သည့် ဓာတ်ပုံများအရ ဘုရားကျောင်းအဆောက်အအုံ၏ အမိုးစောင်းများမှ မီးလျှံများနှင့် မီးခိုးများ ထွက်နေသည်ကို တွေ့ရသည်။

ပြည်ပသို့ရောက်ရှိနေသော တိဘက်များ၏ Twitter တွင် ရေးသားမှုအရ မီးလောင်မှုနှင့် ပတ်သက်သော ဓာတ်ပုံများ၊ ပို့စ်များသည် အလျင်အမြန်ပင် ဆင်ဆာထိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံထဲတွင်မူ Twitter မှာ ပိတ်ပင်ခံထားရသည်။

ယခုမီးလောင်မှုနှင့် ပတ်သက်၍ တရားမဝင်သတင်းများ၊ ဓာတ်ပုံများဖြန့်သည့် မည်သူ့ကိုမဆို ရဲများက ခြိမ်းခြောက်နေကြောင်း လာဆာတွင်ရှိသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု လန်ဒန်အခြေစိုက် တိဘက်လေ့လာရေးပညာရှင် ရောဘတ်ဘာနတ်က ပြောကြားခဲ့သည်။

အရေးပါသော ဝတ်ပြုရာနေရာတစ်ခုဖြစ်သည့် ဘုရားကျောင်းသည် ဖေဖော်ဝါရီ ၁၇ ရက်က ပိတ်ထားခဲ့သည်ဟု ဆင်ဟွာတွင် ဖော်ပြခဲ့သည်။

တိဘက်ဗုဒ္ဓဘာသာ၏ အမွန်အမြတ် အထားဆုံးရုပ်တုများထဲ တစ်ခုဖြစ်သော ဂျိုဝိုသကျမုနိသည် ဂျော့ဟန်းဘုရားကျောင်းထဲတွင် တည်ရှိသည်။ ဂျိုဝိုသကျမုနိသည် ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်က ထုလုပ်ခဲ့သည့် ရုပ်တုသုံးခုအနက် တစ်ခုဖြစ်သည်ဟု ယုံကြည်ကြကာ ၁၂ နှစ်သားအရွယ် ဗုဒ္ဓကို ပုံဖော်ထားခြင်းဟု သိရသည်။

ထို့ပြင် ဂျော့ဟန်းဘုရားကျောင်းထဲတွင် ဗုဒ္ဓ၊ နတ်ဖုရားများ၊ သမိုင်းဝင်ပုဂ္ဂိုလ်တို့၏ ပုံတော် ၃,၀၀၀ ကျော် အပါအဝင် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်း မြောက်မြားစွာလည်း ရှိနေသည်။

တရုတ်သည် တိဘက်ကို ၁၉၅၀ ပြည့်နှစ်က စတင်အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ တရုတ်အစိုးရသည် ဗုဒ္ဓဘာသာကို အခြေပြုသည့် တိဘက်ယဉ်ကျေးမှုကို နိုင်ငံရေး၊ ဘာသာရေးတို့ဘက်မှ နှိပ်ကွပ်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။ သို့သော် တရုတ်အစိုးရကမူ ၎င်းတို့သည် တိဘက်ဒေသသို့ စီးပွားရေးဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးခဲ့ပြီး တိဘက်များသည် လွတ်လွတ်လပ်လပ် နေထိုင်နိုင်ကြသည်ဟု အခိုင်အမာဆိုသည်။

တရားဝင် ဘာသာမဲ့များဖြစ်သည့် အာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလာမားကို အန္တရာယ်ကြီးသော ခွဲထွက်ရေးသမားအဖြစ် ရှုမြင်လျက်ရှိသည်။ သို့သော် ဒလိုင်းလာမားကမူ ၎င်းသည် တိဘက်ဒေသအတွက် ပိုမိုကောင်းမွန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အတွက်သာ ကြိုးပမ်းနေခြင်းဟု ဆိုသည်။

တိဘက်ဒေသသို့ ပြည်ပဂျာနယ်လစ်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကာ အစိုးရက ပံ့ပိုးသည့် ခရီးစဉ်များဖြင့်သာ ဝင်ခွင့်ပြုသည်။ တရုတ်အစိုးရသည် တိဘက်ဒေသအကြောင်း ရေးသားခြင်းကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် တိဘက်သည် ဆီးရီးယားနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် လွတ်လပ်မှု အနည်းဆုံးနေရာဟု အမေရိကန်စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဆိုသည်။

၂၀၀၈ ခုနှစ်က တိဘက်ဘုန်းကြီးများ၏ ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ယင်းနှစ်နှောင်းပိုင်းတွင်မူ တရုတ်အစိုးရသည် ဆန္ဒပြပွဲအပြီး ဒေသထဲ၌ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်းကို ပြသရန် ရည်ရွယ်ပြီး ပြည်ပမီဒီယာအဖွဲ့တစ်ဖွဲ့ကို လာရောက်စေရန် စီစဉ်ခဲ့သည်။ ဂျော့ဟန်းဘုရားကျောင်းထဲသို့ ထိုအဖွဲ့ရောက်ရှိနေစဉ် တိဘက်ဘုန်းကြီး ဒါဇင်ပေါင်းများစွာသည် ဘုရားကျောင်းထဲသို့ ဝင်လာကြပြီး အစိုးရက လိမ်ညာနေသည်ဟု စွပ်စွဲခဲ့ကြသည်။

တိဘက်ဒေသအား တရုတ်အစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်ကြောင်းပြသသည့် အနေနှင့် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ကြသော တိဘက်ဦးရေမှာ ၂၀၀၉ ခုနှစ်မှစပြီး ၁၅၀ ကျော်ပြီဟု သိရသည်။

Ref: AFP