ဒူတာတေးအား ICC တွင် စုံစမ်းစစ်ဆေးရန် ဆောင်ရွက်ခဲ့သည့် ဖိလစ်ပိုင်ရှေ့နေက အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း ပြောကြား

ဒူတာတေးအား ICC တွင် စုံစမ်းစစ်ဆေးရန် ဆောင်ရွက်ခဲ့သည့် ဖိလစ်ပိုင်ရှေ့နေက အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း ပြောကြား
Published 18 February 2018

မနီလာတွင် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ဆုံမေးမြန်းမှု၌ ရိုက်ကူးခဲ့သည့် ဓာတ်ပုံတွင်တွေ့ရသော ရှေ့နေ ဆာဘီယို (Photo - AFP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအား အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုခုံရုံးတွင် စုံစမ်းစစ်ဆေးရန် ဆောင်ရွက်ခဲ့သည့် ဖိလစ်ပိုင်ရှေ့ နေဂျူဒေဆာဘီယိုက ၎င်း၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။

ဒူတာတေးအား ထောက်ခံသူများက လူမှုမီဒီယာတွင် ၎င်းအား အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ကြကြောင်း အသက် ၅၁ နှစ်အရွယ် ဆာဘီယိုက ပြောကြားခဲ့သည်။ ဒူတာတေးအား စစ်ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးရန် ICC သို့  ယမန်နှစ် ဧပြီလက တိုင်ကြားခဲ့ပြီးနောက် ဆာဗီယိုသည် တိမ်းရှောင်နေခဲ့သည်။

ဆာဘီယို၏ လျှောက်ထားမှုကို လက်ခံရရှိခဲ့ပြီးနောက် ICC ၏ ရှေ့နေ ဖာတိုအူဗင်ဆိုဒါသည် အကြိုစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ICC က အပြည့်အ၀ စုံစမ်းစစ်ဆေးမှု ရှိလာနိုင်သည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော ဒူတာတေးသည် မူးယစ်ဆေးဝါးကို အမြစ်ပြတ်နှိမ်နင်းမည်ဟု ကတိပေးထားခဲ့သည်။ ဒူတာတေး၏ မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲတွင် လူ ၈၀၀၀  ကျော်သည် တရားလက်လွန် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆာဗီယိုက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးနှင့် မသင်္ကာသူ ၄၀၂၁ ဦးသည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်စဉ် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသော်လည်း ရဲတပ်ဖွဲ့နှင့် လျှို့ဝှက်လက်မရွံ့ အဖွဲ့များသည် လူ ၁၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲထားသည်။

ဒူတာတေးက ICC ၏ စစ်ဆေးမှုသည် ၎င်းအတွက် အကျုံးမဝင်ဟု ပြောကြားထားပြီး ICC မှ တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့လျှင် ဖိလစ်ပိုင်သည် ICC မှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားသည်။

အစိုးရ ကျောင်းဆရာမိဘများ၏ သားဖြစ်သော ရှေ့နေဆာဘီယိုသည် ၂၀၁၀ ပြည့်နှစ်က တောင်ပိုင်း မြို့တစ်မြို့တွင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သည်။ ထို့ပြင် ၂၀၁၆ တွင် အထက် လွှတ်တော်အမတ်ဖြင့် ရွေးချယ်ခံရန် ကြိုးပမ်းခဲ့ရာ ရွေးကောက်ပွဲမဲဆွယ်မှုအတွက် ရန်ပုံငွေအလုံအလောက် မရှိဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က အရည်အချင်းမပြည့်မီသူအဖြစ် ပယ်ချခံခဲ့ရသည်။

သို့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ကြေးစားလူသတ်သမားတစ်ဦးဖြစ်သူ အဂ္ဂါမာတိုဘာတိုအား ရှေ့နေအဖြစ် အကျိုးဆောင်ပေးရန် ဆာဘီယိုက သဘောတူညီခဲ့ပြီးနောက် သူ၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားခဲ့သည်။

ဒူတာတေးသည်တောင်ပိုင်း ဒါဗာအိုမြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ်က ဒူတာတေး၏ အမိန့်ဖြင့် လူ ၂၀၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့သော ‘ဒါဗာအိုလက်မရွံ့ လူသတ်အဖွဲ့’ တွင် သူကပါဝင်ခဲ့ကြောင်း အထက်လွှတ်တော် ကြားနာမှုတွင် မာတိုဘာတိုက ဝန်ခံခဲ့သည်။

ဒူတာတေး၏ မူးယစ်ဆေးနှိမ် နင်းရေးစစ်ပွဲသည် ဒါဗာအိုလူသတ် အဖွဲ့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဆာဘီယိုက စွပ်စွဲခဲ့သည်။ ဒူတာတေးက ယင်းစွပ်စွဲချက်ကို ပယ်ချထားသည်။

“ဒီသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဖမ်းဝရမ်းထုတ်ဖို့ပါပဲ။ သမ္မတဒူတာတေးကို ဖမ်းပြီးသည်ဟိဂ်မှာ တရားစွဲဆိုရပါမယ်” ဟု ဆာဘီယိုက ပြောကြားခဲ့သည်။

ဆာဘီယိုကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး မှတ်ချက်မေးမြန်းခဲ့ရာ သမ္မတသည် ဆာဘီယိုနှင့်ပတ်သက်၍ စိတ်ဆိုးခြင်းမရှိကြောင်း ဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာရီရော့က ပြောကြားခဲ့သည်။

Ref ; AFP