တရုတ်အဝေးပြေးလမ်းတွင် သဘာဝဓာတ်ငွေ့ရည်များ ဖိတ်ခဲ့ရာ လမ်းတစ်လျှောက်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့

တရုတ်အဝေးပြေးလမ်းတွင် သဘာဝဓာတ်ငွေ့ရည်များ ဖိတ်ခဲ့ရာ လမ်းတစ်လျှောက်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့
Published 13 February 2018

ဖေဖော်ဝါရီ ၁၁ ရက်က ဟီပေပြည်နယ် အဝေးပြေးလမ်းမတွင် မီးလောင်မှုအား ကားတစ်စီးပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုမှ ရယူထားသော ဓာတ်ပုံ (Photo: AFP)

တရုတ်နိုင်ငံတွင် ဆီသယ်ယာဉ်တစ်စီး မှောက်သွားခဲ့ရာမှ လမ်းတစ်လျှောက်သို့ သဘာဝဓာတ်ငွေ့အရည်များ ပျံ့နှံ့သွားခဲ့ရာ ထိုအဝေးပြေးလမ်းမကြီးမှာ မီးဟုန်းဟုန်းတောက်ခဲ့ရသည်။ ယင်းဖြစ်စဉ်သည် မမျှော်လင့်ထားသော ယာဉ်မောင်းများအတွက် သေမင်းထောင်ချောက်တစ်ခုသဖွယ်ဖြစ်ခဲ့ရသည်။ အနီးအနားသို့ ရောက်ရှိနေခဲ့သည့် ကားတစ်စီး၏ ကားဒတ်ရှ်ဘုတ်ပေါ်မှ ရိုက်ကူးခဲ့သော ဗီဒီယိုအရ အပြာရောင်ဆီဒင်ကားတစ်စီးသည် ဆီသည်တင်ကား၏ နောက်တွင် ဝင်ရပ်လိုက်ပြီးနောက်တွင် ရုတ်တရက် မီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သည်။  ဗီဒီယိုရိုက်သည့်ကားမှာ နောက်ပြန်မောင်းသွားစဉ် လမ်းဘေးမှခြုံပုတ်များ၊ သစ်ပင်များ အပါအဝင် လမ်းတစ်လျှောက်လုံး မီးများ တောက်လောင်ခဲ့ပြီး အခြားကားတစ်စီးလည်း မီးလောင်မှုထဲတွင် ပါသွားခဲ့သည်ကို တွေ့ရသည်။

ထိတ်လန့်စရာကောင်းသည့် ထိုမြင်ကွင်းကို ပေကျင်းနှင့် ထိစပ်နေသည့် ဟူပေ ပြည်နယ်ထဲမှ ကားလမ်းတစ်လမ်းပေါ်တွင် ဖေဖော်ဝါ ရီ ၁၁ ရက်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်ပေါက်ကွဲမှုကြီးအတွင်း လူနှစ်ဦးမှာ ဆိုးဆိုးရွားရွား မီးလောင်ခံခဲ့ရပြီး အခြားခြောက်ဦးမှာ ဒဏ်ရာအသင့်အတင့်ရရှိသွားကြောင်း ပြည်တွင်းမီဒီယာတွင် ဖော်ပြချက်အရ သိရသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့် ပေကျင်း- ဟာပင် အဝေးပြေးလမ်းသည် ကျောက်မီးသွေး၊ LNG နှင့် အခြားကုန်များကို သယ်ယူပို့ဆောင်သည့် အဓိကလမ်းမကြီးဖြစ်သည်။ တရုတ်နှစ်သစ်ကူးကျင်းပရန် ရက်အနည်းငယ်သာလိုတော့သဖြင့် ကားလမ်းများမှာ အိမ် ပြန်မည့်သူများဖြင့် ပြည့်နေကြစဉ် ယခုဖြစ်စဉ်ဖြစ်ပွားခြင်းလည်းဖြစ်သည်။