ရုရှားငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယားအတိုက်အခံတို့က သပိတ်မှောက်မည်

ရုရှားငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယားအတိုက်အခံတို့က သပိတ်မှောက်မည်
Published 28 January 2018

ဇန်နဝါရီ ၂၆ ရက်က ဆီးရီးယားနိုင်ငံ အေဇက်မြို့ရှိ ဒုက္ခသည် စခန်းတစ်ခုအနီး တွေ့ရသော တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်များ (Photo - AFP)

လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ရုရှား၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သပိတ်မှောက်မည်ဖြစ်ကြောင်း ဆီးရီးယားအဓိက အတိုက်အခံအုပ်စုက ဇန်နဝါရီ ၂၆ရက်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော ခုနစ်နှစ်ကြာ ဆီးရီးယားစစ်ပွဲကို အဆုံးသတ်ရန် ရုရှား၏ သံတမန်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီးလည်း ဖြစ်သွားခဲ့သည်။

“ရုရှားဟာ သူရဲ့ညီလာခံကြီးကိုကြော်ငြာမှုဟာ မအောင်မြင်ခဲ့ပါဘူး” ဟု ဆီးရီးယား အတိုက်အခံစေ့စပ်ညှိနှိုင်းရေး ကော်မရှင်  (SNC) က Twitter ပေါ်တွင်ရေးသားခဲ့သည်။ ထို့နောက် ဆိုချီဆွေးနွေးပွဲတွင် မပါဝင်ရန် SNC က ဆုံးဖြတ်လိုက်ကြောင်းလည်း ရေးသားထားခဲ့သည်။

ဆီးရီးယားအစိုးရ၏ အင်အားကြီး မဟာမိတ် ရုရှားက စီစဉ်သည့် ဇန်နဝါရီ ၂၉၊ ၃၀ ရက်တွင် ပင်လယ်နက်အပန်းဖြေစခန်း ဆိုချီ၌ ကျင်းပမည့် ဆွေးနွေးပွဲတွင် ပါဝင်ရန် ဒါဇင်နှင့်ချီသော ဆီးရီးယားသူပုန်အုပ်စုများသည် ယခင်ကတည်းက ငြင်းဆန်ထားခဲ့ပြီး ဖြစ်သည်။ သူပုန်အုပ်စုများ ဆိုချီသို့ သွား၊ မသွား ကိစ္စသည် ဗီယင်နာတွင် သီးခြားကျင်းပနေသော ကုလသမဂ္ဂဦးစီးသည့်နှစ်ရက်ကြာ ဆီးရီးယား ဆွေးနွေးပွဲအပေါ်တွင်လည်း အရိပ်မိုးနေခဲ့သည်။

ထိုဗီယင်နာဆွေးနွေးပွဲတွင်မူ ဆီးရီးယားအစိုးရအရာရှိများနှင့် SNC တို့သည် ကုလသမဂ္ဂ ဆီးရီးယားသံတမန်စတီဖင်မစ် စတူရာနှင့် သီးခြားစီဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုပေးသည့် ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသည်မှာ ရှစ်ကျော့ရှိပြီဖြစ်သော်လည်း အစိုးရနှင့် သူပုန်တို့သည် စစ်ပြီးအခြေခံဥပဒေအား အုတ်မြစ်ချရေးအတွက် မျက်နှာချင်းဆိုင် ဆွေးနွေးကြမည့် အရိပ်အယောင်မရှိသေးပေ။

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင်မူ ဒီမစ်စတူရာက ဆွေးနွေးပွဲမှာ လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးကြောင်းကို ဝန်ခံပြောကြားခဲ့သည်။

ဆိုချီဆွေးနွေးပွဲသို့ တက်ရောက်ရန် လူ ၁၆၀၀ ကျော် ဖိတ်ကြားခံထားရသည်။ သို့သော် ကုလသမဂ္ဂကိုယ်တိုင် ထိုဆွေးနွေးပွဲသို့ တက်မတက် မဆုံးဖြတ်ရသေးကြောင်း ဒီမစ်စတူရာက ပြောကြားခဲ့သည်။ ထို့ပြင်  ဒီမစ်စတူရာက ကုလသမဂ္ဂဦးဆောင်သော ဆီးရီးယားဆွေးနွေးပွဲများသည် ရုရှားက အပြိုင်လိုက်၍ ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများထက်ပို၍ တရားဝင်ဖြစ်ကြောင်းကိုလည်း အလေးပေးပြောသွားခဲ့သည်။

“ဆိုချီမှာ ကျင်းပမယ့် ဆီးရီးယား အမျိုးသားဆွေးနွေးပွဲကွန်ဂရက်ဟာ ဂျီနီဗာမှာ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်နေပြီး ယုံကြည်စိတ်ချစရာကောင်းတဲ့ ဆီးရီးယားလုပ်ငန်းစဉ် ပြန်လည်အသက်ဝင်လာနိုင်ဖို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

“ရုရှားဟာ ဆီးရီးယားနိုင်ငံအတွက်သာမကဘဲ အရှေ့အလယ်ပိုင်းဒေသထဲမှာပါ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူအဖြစ် သူတို့ကို သူတို့ ပုံဖော်ချင်နေတာပါ။ ရှေးအစဉ်အဆက်ကတည်းက အမေရိကန်တွေ လုပ်ခဲ့သလိုမျိုးပေါ့” ဟု Chatham House အတိုင်ပင်ခံအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သည့် ဟေ့ဒ်ဟေ့ဒ်က ပြောကြားခဲ့သည်။

“ရုရှားတွေအနေနဲ့ ဒီနေရာကို ယူချင်ရင် ဆီးရီးယားပြဿနာ အဖြေရှာရေးမှာ အမေရိကန်တွေ ဝင်လို့မရအောင် သူတို့အနေနဲ့ လုပ်ဖို့လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref ; AFP