ပေါက်ကွဲနေသော ဖိလစ်ပိုင်မီးတောင်အနီးတွင် မိုးရွာသွန်းမှုကြောင့် အန္တရာယ်များသည့် ရွှံ့စီးကြောင်းကြီးများဖြစ်ပေါ်လာနိုင်

ပေါက်ကွဲနေသော ဖိလစ်ပိုင်မီးတောင်အနီးတွင် မိုးရွာသွန်းမှုကြောင့် အန္တရာယ်များသည့် ရွှံ့စီးကြောင်းကြီးများဖြစ်ပေါ်လာနိုင်
Published 28 January 2018

ဇန်နဝါရီ ၂၄ ရက်က မေယွန်မီးတောင်မှ ပြာများ မှုတ်ထုတ်နေစဉ် (Photo: AFP)

ပေါက်ကွဲနေသော ဖိလစ်ပိုင်မီးတောင်မှ ထွက်နေသည့် တန်ချိန် သန်းနှင့်ချီသော ပြာများ၊ ကျောက်ခဲများသည် သည်းထန်စွာ ရွာသွန်းသည့်မိုးကြောင့် အနီးအနားရှိ လူနေရပ်ကွက်များကို ဖုံးလွှမ်းသွားနိုင်သည်ဟု အာဏာပိုင်များက ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုမီးတောင်ပေါက်ကွဲမှုကြီးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးရသူ ဦးရေမှာလည်း သောင်းနှင့်ချီရှိပြီ ဖြစ်သည်။

ချော်ရည်ပူများ၊ ပြာပူများမှုတ်ထုတ်နေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိနေပြီဖြစ်သည့် မေယွန်မီးတောင်၏ဝန်းကျင်တွင် မိုးများသည်းထန်စွာရွာသွန်းနေစဉ် ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဌာနက ယခုကဲ့သို့ သတိပေးချက် ထုတ်ခဲ့ခြင်းဖြစ်သည်။ မီးတောင်ပြာများ၊ ကျောက်တုံးများသည် မိုးရေနှင့် ပေါင်းပြီး စီးဆင်းမှုမြန်ဆန်ကာ ကြောက်စရာ ကောင်းသည့် Lahars ဟုခေါ်သော ရွှံ့စီးကြောင်းကြီးများ ဖြစ်လာနိုင်ပြီး ယင်းတို့သည် လူနေရပ်ကွက်များအားလုံးကို သိမ်းကြုံးတိုက်စားသွားနိုင်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ မကြာသေးမီက မီးတောင်မှ ကုဗမီတာ ၂၅ သန်းရှိသော ပြာ နှင့် အခြားအရာများကို မှုတ်ထုတ်ထားပြီး ယင်းအရာတို့သည် တောင်စောင်းနှင့် အနီးအနားဒေသတို့တွင်ရှိနေသည်။ ယင်းပြာနှင့် ကျောက်တုံးများသည် မြစ်ချောင်းများထဲသို့ စီးဝင်ကာ ရွှံ့စီးကြောင်းများ ဖြစ်ပေါ်နိုင် သဖြင့် မြစ်ချောင်းများအနီးတွင် နေထိုင်သူများအား ကုန်းမြင့်အရပ်သို့ ရွှေ့ပြောင်းကြရန် အစိုးရက ညွှန်ကြားထားသည်။