ဖိလစ်ပိုင်ရဲများ၏ မှားယွင်းပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံး

ဖိလစ်ပိုင်ရဲများ၏ မှားယွင်းပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံး
Published 30 December 2017

ဒီဇင်ဘာ ၂၉ ရက်က မနီလာတွင် ရဲများက မှားယွင်းပစ်ခတ်ခဲ့သည့် ဆေးရုံသို့ သွားမည့်ဗင်ကားအား တွေ့ရစဉ် (Photo: AFP)

ဖိလစ်ပိုင်ရဲများသည် သေနတ်သမားများဟု ထင်မှတ်၍ မှားယွင်းပစ်ခတ်ခဲ့မှုကြောင့် ဆေးရုံသို့သွားနေသော အမျိုးသမီးတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့ရာ သမ္မတရိုဒရီဂိုဒူ တာတေးလက်ထက်တွင် ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူများ၏လက်ချက်ဖြင့်   နောက်ဆုံးသေဆုံးမှုများ ဖြစ်လာခဲ့သည်။

ဒေသခံများအကြား အချင်းများမှုတစ်ခုအတွင်း အစောပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ရဲများက မနီလာဆင်ခြေဖုံး တစ်ခုသို့ သွားရောက်ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်ညတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲများက သေနတ်သမား လိုက်ပါလာသည်ဟု ယူဆရသော ဗင်ကားတစ်စီးကို မှားယွင်းပစ်ခတ်ခဲ့ကြောင်း၊ အမှန်မှာ ယင်းကားသည် ဒဏ်ရာရအမျိုးသမီးတစ်ဦးအား ဆေးရုံသို့ပို့မည့်ကားဖြစ်ကြောင်း ခရိုင်ရဲမှူး Moises Villaceran က ပြောကြားခဲ့သည်။

ယင်းကားထဲတွင် အစောပိုင်းပစ်ခတ်မှု၌ ပါဝင်သူများ လိုက်ပါလာသည်ဟု ရဲတပ်ဖွဲ့က ထင်မှတ်ခဲ့ကြောင်း Villaceran က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရုပ်သံတစ်ခုက ထုတ်လွှင့်ခဲ့သော ယင်းဖြစ်စဉ်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုအပိုင်းများ၌ သေနတ်သံများ ထွက်ပေါ်နေချိန်တွင် ရဲများသည် သေနတ်များ ဆွဲထုတ်၍ ဗင်ကားအား ဝိုင်းရံခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်တွင် လူနှစ်ဦး သေဆုံးခဲ့ရပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့ကြကြောင်း Villaceran ၏ ရဲအကူတစ်ဦးက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော ရဲကိုးဦးအား စုံစမ်းစစ်ဆေးရန်အတွက် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးအမှုဖြင့် သံသယရှိသူများအား ပစ်သတ်ရန် ရဲတပ်ဖွဲ့အား ပွင့်ပွင့်လင်းလင်း တိုက်တွန်းခဲ့ပြီး ယင်းကဲ့သို့ ပစ်သတ်မှုဖြစ်စဉ်များတွင် ၎င်းတို့အား ဥပဒေကြောင်းအရ ကာကွယ်ပေးသွားမည်ဟု ဒူတာတေးက ကတိပြုခဲ့ချိန်တွင် ယခုကဲ့သို့ မှားယွင်းပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် နှစ်လယ်တွင်  ဒူတာတေး သမ္မတရာထူး စတင်ထမ်းဆောင်ခဲ့ပြီးနောက် ဆင်နွှဲခဲ့သော ဖိလစ်ပိုင်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးစစ်ပွဲတွင် အစိုးရတပ်များ၏လက်ချက်ဖြင့် လူ ၄၀၀၀ နီးပါး သေဆုံးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

အခြားလူထောင်ပေါင်းများစွာသည်လည်း မရှင်းပြနိုင်သေးသော အနေအထားတွင် စေတနာ့ဝန်ထမ်း ကင်းအဖွဲ့များ၏လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက စွပ်စွဲထုတ်ပြန်ခဲ့သည်။