၁၉၈၉ တီယန်မင်ရင်ပြင် ဖြိုခွင်းမှုတွင် လူ ၁၀၀၀၀ သေဆုံးခဲ့ဟု ဗြိတိန်မှတ်တမ်းက ဖော်ထုတ်ခဲ့

၁၉၈၉ တီယန်မင်ရင်ပြင် ဖြိုခွင်းမှုတွင် လူ ၁၀၀၀၀ သေဆုံးခဲ့ဟု ဗြိတိန်မှတ်တမ်းက ဖော်ထုတ်ခဲ့
Published 24 December 2017

၁၉၈၉ ခုနှစ် ဇွန် ၄ ရက်က တီယန်မင်ရင်ပြင်တွင် မီးလောင်ထားသော သံချပ်ကာယာဉ်များအနီး သွားလာနေကြသူများကို ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

၁၉၈၉ ခုနှစ် ဇွန်က တီယန်မင်ရင်ပြင်တွင် ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများအား  တရုတ်စစ်တပ်က ဖြိုခွင်းမှုတွင် လူ ၁၀၀၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဗြိတိန်အမျိုးသားမော်ကွန်းတိုက်က အသစ်ထုတ်ပြန်ခဲ့သည့် မှတ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

ပေကျင်းရှိ သွေးထွက်သံယိုဖိနှိပ်မှုနှင့် ပတ်သက်၍ အသေးစိတ်ကို ထိုစဉ်က ဗြိတိန်သံအမတ်ကြီး အလန်ဒေါနယ်က လန်ဒန်သို့ ပေးပို့ခဲ့သည့် ကြေးနန်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ “အနည်းဆုံး အရပ်သား ၁၀၀၀၀ သေဆုံးမယ်လို့ ခန့်မှန်းပါတယ်” ဟု အလန်ဒေါနယ်က ယင်းကြေးနန်းတွင် ပြောကြားခဲ့သည်။

တီယန်မင်ဖြစ်ရပ်ပြီးနောက် ၂၈ နှစ် ကျော်အကြာတွင် အများပြည်သူသို့ ထုတ်ပြန်ခဲ့သော ထိုမှတ်တမ်းကို အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည်။ တီယန်မင်ဆန္ဒပြပွဲပြီးနောက် နောက်တစ်ရက် ၁၉၈၉ ခုနှစ် ဇွန် ၅ ရက်တွင်  ပေးပို့ခဲ့သည့် ယင်းကြေးနန်း၌ သေဆုံးသူ ခန့်မှန်းချက်သည် ထိုစဉ်က အများလက်ခံ ထားသည်ထက် ၁၀ ဆနီးပါးမြင့်မားနေခဲ့သည်။ တီယန်မင်ဖြိုခွင်းမှုတွင် လူ ရာဂဏန်း မှ ၁၀၀၀ ကျော်သေဆုံးသည်ဟု ယေဘူယျအားဖြင့် ခန့်မှန်းခဲ့ကြသည်။

သို့သော်လည်း ဗြိတိန်၏ ခန့်မှန်းချက်သည် ယုံကြည်စိတ်ချမှုရှိကြောင်း မကြာသေးခင်က လျှို့ဝှက်မှတ်တမ်းအဖြစ်မှ အဆင့်လျှော့ချခံခဲ့ရသော အမေရိကန်၏ မှတ်တမ်းများတွင်လည်း အလားတူခန့်မှန်းခဲ့ကြောင်း  ပြင်သစ်၏ တရုတ်ရေးရာကျွမ်းကျင်သူ ယန်းပီယာကာဘက်စတန်က ပြောကြားခဲ့သည်။ ဟောင်ကောင် ဘက်ပတစ်တက္ကသိုလ်မှ ပါမောက္ခ ကာဘက်စတန်သည် တီယန်မင်ဖိနှိပ်မှုမဖြစ်မီ ရက်များက ပေကျင်းတွင် ရှိနေခဲ့သူဖြစ်သည်။ ဇွန် ၃ ရက်မှ ၄ ရက်အတွင်း တရုတ်စစ်တပ်သည် ညအချိန်၌ မြို့တွင်းသို့ ဝင်လာခဲ့ပြီး တီယန်မင်ရင်ပြင်၌ ခုနစ်ပတ်ကြာ ဆန္ဒပြမှုကို အဆုံးသတ်ရန် ရက်စက်သည့် ဖိနှိပ်မှုများဆောင်ရွက်ခဲ့ကြောင်း ဗြိတိန်သံအမတ်ကြီး ဒေါနယ်၏ မှတ်တမ်းက အသေးစိတ်ဖော်ပြခဲ့သည်။

ချီတက်လာစဉ်အတွင်း သံချပ်ကာယာဉ် များသည် အရပ်သားများနှင့် စစ်သားများရှိ နေသည့်လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ပြီး လူအုပ်ထဲသို့ မောင်းဝင်ခဲ့ကြောင်း သံအမတ်ကြီးက ကြေးနန်းတွင် ရေးသားခဲ့သည်။ ယင်းသတင်း အချက်အလက်ကိုပေးသည့် သတင်းရင်းမြစ်သည် လောလောဆယ်တွင် တရုတ်နိုင်ငံတော် ကောင်စီ၌ အဖွဲ့ဝင်ဖြစ်နေသူတစ်ဦးနှင့် မိတ်ဆွေရင်းဖြစ်ကြောင်း သံအမတ်ကြီးက ရေးသားခဲ့သည်။ တီယန်မင်ရင်ပြင်သို့ စစ်သားများရောက်လာသည်နှင့် ကျောင်းသားများက ရင်ပြင်မှထွက်ခွာရန် အချိန်တစ်နာရီခန့်ရမည်ဟု နားလည်ခဲ့ကြကြောင်း သို့သော်လည်း ငါးမိနစ်ကြာပြီးနောက် သံချပ်ကာယာဉ် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနယ်က ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ် ဇွန်လကုန်တွင် တရုတ်အစိုးရက တန်ပြန်တော်လှန်ရေးအဓိကရိုဏ်းနှိမ်နင်းမှုတွင် အရပ်သား ၂၀၀ ကျော်သေဆုံးပြီး စစ်သားနှင့်ရဲ ဒါဇင်ချီသေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။