တစ်လကျော်အတွင်း နောက်ထပ်မြောက်ကိုရီးယားစစ်သားတစ်ဦး တောင်ကိုရီးယားသို့ ဘက်ပြောင်းထွက်ပြေးလာခဲ့

တစ်လကျော်အတွင်း နောက်ထပ်မြောက်ကိုရီးယားစစ်သားတစ်ဦး တောင်ကိုရီးယားသို့ ဘက်ပြောင်းထွက်ပြေးလာခဲ့
Published 22 December 2017

နိုဝင်ဘာ ၂၇ ရက်က ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်အနီး တောင်ကိုရီးယားစစ်သားတစ်ဦးအား လှမ်းကြည့်နေသော မြောက်ကိုရီးယားစစ်သားများ (Photo: AP)

ကိုရီးယားကျွန်းဆွယ်အား ပိုင်းခြားထားသော လုံခြုံရေးထူထပ်စွာ ချထားသည့် စစ်မဲ့ဇုန်ကိုဖြတ်ကျော်လျက် မြောက်ကိုရီးယား စစ်သားတစ်ဦးသည် ဒီဇင်ဘာ ၂၁ ရက်တွင် တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်း ထွက်ပြေးလာခဲ့ကြောင်း သိရသည်။ ယင်းသည် တစ်လကျော်အတွင်း မြောက်ကိုရီးယားစစ်သားတစ်ဦးက နောက်ထပ်ဘက်ပြောင်း ထွက်ပြေးမှု ဖြစ်ခဲ့သည်။

ရာထူးနိမ့် မြောက်ကိုရီးယားလူငယ် စစ်သားတစ်ဦးသည် မြူနှင်းထူထပ်စွာ ကျဆင်းနေစဉ် မြောက်အနောက်ပိုင်း ကုန်းမြေနယ်စပ်ကို ဖြတ်ကျော်၍ ကင်းစခန်းတစ်ခုသို့ သွားနေမှုအား တောင်ကိုရီးယားစစ်သားများက စောင့်ကြည့်ရေး ကင်မရာများဖြင့် ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ထွက်ပြေးလာသည့်အချိန်၌ ပစ်ခတ်မှုများ မဖြစ်ပေါ်ခဲ့ပေ။ သို့သော် မိနစ် ၉၀ ခန့်အကြာတွင် ယင်းမြောက်ကိုရီးယား စစ်သားအား လာရောက်ရှာဖွေသည်ဟု ယူဆရသည့် မြောက်ကိုရီးယားအစောင့်များ နယ်စပ်သို့ ချဉ်းကပ်လာနေစဉ် တောင်ကိုရီးယား စစ်သားများက K-3 မစ်ရှင်းဂန်းဖြင့် အချက် ၂၀ ခန့် သတိပေး ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုခဲ့သည်။

နောက်ပိုင်းတွင် မြောက်ကိုရီးယားဘက်ခြမ်း၌ သေနတ်ဖြင့် ပစ်ခတ်သံနှစ်ချက် ကြားခဲ့ရပြီး နယ်စပ်ဖြတ်ကျော်၍ မည်သည့်ပစ်ခတ်မှုမျှ မကြားခဲ့ရကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်ကလည်း ကိုရီးယားနှစ်နိုင်ငံအကြားရှိ ပန်မန်ဂျွန်ရွာ၏ မြောက်ကိုရီးယားဘက်ခြမ်းမှနေ၍ မြောက်ကိုရီးယား စစ်သားတစ်ဦး၏ ရှားရှားပါးပါးနှင့် ဇာတ်လမ်းဆန်ဆန် ဘက်ပြောင်းထွက်ပြေးမှု ဖြစ်ပွားခဲ့အပြီး ယခုထွက်ပြေးမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစောင့်အကြပ် ထူထပ်သော နယ်စပ်ကို ယင်းစစ်သားက ဂျစ်ကားဖြင့် အရှိန်မြှင့် မောင်းပြေးပြီး မြောက်ကိုရီးယား စစ်သားများက ပစ်ခတ်နေသည့်ကြား ကားပေါ်မှဆင်းပြီး နယ်စပ်တစ်လျှောက် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သေနတ်ဒဏ်ရာ လေးချက်ထက်မနည်း ရရှိခဲ့သည်။

အသက် ၂၄ နှစ်ရှိ ယင်းဒဏ်ရာရ စစ်သား အိုချောင်ဆောင်သည် ဆိုးလ်ရှိ Ajou တက္ကသိုလ်တွင် ခွဲစိတ်ကုသမှုများစွာ ခံယူခဲ့ကြောင်း၊ ပြီးခဲ့သော သီတင်းပတ်တွင် စစ်ဘက်ဆေးရုံသို့ ၎င်းအား ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် ရပ်နိုင်နေပြီး အကူဖြင့် လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အိုက သူသည် ရှေ့နေဖြစ်ချင်ကြောင်း ပြောခဲ့သဖြင့် သူ့အား ဥပဒေစာအုပ်တစ်အုပ်ပေးခဲ့ကြောင်း ၎င်း၏ခွဲစိတ်အထူးကု ဆရာဝန်လီကွတ်ဂျုံက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်က ဘက်ပြောင်းမှုသည် မြောက်ကိုရီးယားစစ်သားတစ်ဦးက ယခုနှစ်အတွင်း စစ်မဲ့ဇုန်ကို ဖြတ်ကျော်၍ လေးကြိမ်မြောက် ထွက်ပြေးမှုဖြစ်သည်။ ယခု သီတင်းပတ်အတွင်းလည်း တောင်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းအလွန်၌ အင်ဂျင်မတပ်ထားသောလှေဖြင့် မျောပါလာသည့် မြောက်ကိုရီးယား အရပ်သားနှစ်ဦးကလည်း တောင်ကိုရီးယားကို ဘက်ပြောင်းခဲ့ကြောင်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ကိုင်တွယ်သော ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် ယခုနှစ်အတွင်း တောင်ကိုရီးယားသို့ တိုက်ရိုက်ထွက်ပြေး ဘက်ပြောင်းလာသူ အရေအတွက်သည် ၁၅ ဦးအထိ ရှိလာပြီး ၂၀၁၆ ခုနှစ်ကထက် သုံးဆများပြားသည်ဟု တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။

Ref: AFP