Walt Disney က မားဒေါ့ချ်၏ Fox ကို ဒေါ်လာ ၅၂ ဒသမ ၄ ဘီလျံဖြင့် ဝယ်ယူရန် သဘောတူညီချက်ရရှိ

Walt Disney က မားဒေါ့ချ်၏ Fox ကို ဒေါ်လာ ၅၂ ဒသမ ၄ ဘီလျံဖြင့် ဝယ်ယူရန် သဘောတူညီချက်ရရှိ
Published 16 December 2017

၂၀၁၃ ခုနှစ် မေ ၇ ရက်က လော့စ်အိန်ဂျလိစ်ရှိ 21 st Century Fox စတူဒီယိုများ၏ ဝင်ပေါက်တစ်ခုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AP)

Walt Disney ကုမ္ပဏီသည် ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းကြီး 21 st Century Fox ကို ဒေါ်လာ ၅၂ ဒသမ ၄ ဘီလျံဖြင့် ဝယ်ယူရန် ဒီဇင်ဘာ ၁၄ ရက်က သဘောတူညီချက် ရရှိသွားပြီဖြစ်သည်။

Streaming ဖျော်ဖြေရေးကဏ္ဍထဲမှ ပြင်းထန်သည့် အပြိုင်အဆိုင်များကြားထဲ၌ Netflix၊ Amazon တို့အပြင် Facebook၊ Apple အစရှိသော အခြားတက်သစ်စ နည်းပညာလုပ်ငန်းများနှင့် ယှဉ်ပြိုင်နေသည့် Disney အတွက် ယခုဝယ်ယူမှုက တွန်းအားဖြစ်စေလိမ့်မည်ဟု ရှုမြင်နေကြသည်။

Disney ၏ ယခုဝယ်ယူမှုထဲတွင် Fox ၏ ရုပ်ရှင်နှင့် ရုပ်သံစတူဒီယိုများအပြင် ဂြိုဟ်တုမှ ထုတ်လွှင့်သော Sky ရုပ်သံ၏ ရှယ်ယာ ၃၉ ရာခိုင်နှုန်းလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် X-Men၊ Avatar၊ The Simpsons၊ FX Networks နှင့် National Geographic အစရှိသည့် နာမည်ကျော် ဖျော်ဖြေရေးပိုင်ဆိုင်မှုတို့သည် Disney လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။

အသက် ၈၆ နှစ်အရွယ် ရူးပတ်မားဒေါ့ချ်နှင့် သားနှစ်ဦးတို့လက်ထဲ၌ Fox ရုပ်သံကွန် ရက်၊ Fox သတင်းနှင့် အားကစားချန်နယ်တို့ ကျန်ခဲ့မည်ဖြစ်သည်။ အွန်လိုင်းကြော်ငြာ လုပ်ငန်းနှင့် Streaming ဖျော်ဖြေရေးကဏ္ဍ၌ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ယခုကဲ့သို့ လမ်းခွဲလိုက်ခြင်းသည် လက်တွေ့ကျသည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု မားဒေါ့ချ်က ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့နောက်ဆုတ်သွားခြင်းမဟုတ်ကြောင်း မားဒေါ့ချ်က အခိုင်အမာ ပြောကြားခဲ့သည်။

မားဒေါ့ချ်သည် ၎င်းအသက် ၂၁ နှစ်အရွယ်တွင် ဖခင်ထံမှ အမွေရခဲ့သည့် သြစတြေးလျသတင်းစာကို ကမ္ဘာ့အကြီးဆုံး သတင်းနှင့် ရုပ်ရှင်အင်ပါယာကြီးတစ်ခုအဖြစ် ပြောင်းလဲခဲ့သူဖြစ်သည်။ မားဒေါ့ချ်အပါအဝင် Fox ရှယ်ယာရှင်များမှာမူ ပိုမိုကြီးထွားလာသည့် Disney လုပ်ငန်းထဲတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။

ABC ရုပ်သံကွန်ရက်၊ ESPN နှင့် ဟောလိဝုဒ်ထဲမှ စတူဒီယိုကြီးများကိုပိုင်သော Disney ကမူ ကိုယ်ပိုင် Streaming ဝန်ဆောင်မှုတစ်ခုစတင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ယခုအရောင်းအဝယ် သဘောတူညီချက်အရ Disney သည် အမေရိကန်၏ တတိယအကြီးဆုံး Streaming ပလက်ဖောင်းတစ်ခုဖြစ်သည့် Hulu ၏ရှယ်ယာ ရာခိုင်နှုန်း ၆၀ ကိုလည်း ထိန်းချုပ်ခွင့်ရရှိဦးမည်ဖြစ်သည်။

AT&T သည် ဒေါ်လာ ၈၅ ဒသမ ၄ ဘီလျံဖြင့် CNN ၏ မိခင်ကုမ္ပဏီဖြစ်သော Time Warner ကို ဝယ်ယူရန် သဘောတူညီချက်မှာ အမေရိကန်တရားရေးဌာန၏ ပိတ်ပင်ခြင်းနှင့်ရင်ဆိုင်နေရစဉ် Disney နှင့် Fox တို့၏ အရောင်းအဝယ် ကိစ္စထွက်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရက AT&T နှင့် Time Warner တို့၏ အရောင်းအဝယ် သဘောတူညီချက်သည် ကြည့်ရှုသူများနှင့် ပြိုင်ဘက်များအတွက် ဈေးနှုန်းများမြင့်တက်စေလိမ့်မည်ဟု ထောက်ပြပြီး တားမြစ်နေခြင်း ဖြစ်သည်။ Disney နှင့် 21 st Century Fox တို့၏ သဘောတူညီချက်ကို အမေရိကန်အစိုးရဘက်က မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ယင်းသဘောတူညီချက်ကို အလျင်အမြန်ပင် ကြိုဆိုခဲ့ပြီး မားဒေ့ါချ်ကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

Disney သည် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Fox ၏ အကြွေး ဒေါ်လာ ၁၃ ဒသမ ၇ ဘီလျံကိုလည်း လွှဲပြောင်းယူပေးမည်ဖြစ်သဖြင့် စုစုပေါင်းဝယ်ယူတန်ဖိုးမှာ ဒေါ်လာ ၆၆ ဘီလျံကျော်သွားလိမ့်မည်ဖြစ်သည်။ ထိုအရောင်းအဝယ်ကိစ္စသည် ၁၂ လမှ ၁၈ လအတွင်း အပြီးသတ်လိမ့်မည်ဟု ခန့်မှန်းကြောင်း ကုမ္ပဏီများက ပြောကြားခဲ့သည်။

ယခုသဘောတူညီချက်ကြောင့် မားဒေါ့ချ်၏ သားဖြစ်သူ ဂျိမ်းသည် Disney တွင် အဓိကကျသည့် ရာထူးတစ်ခု၌ ဝင်ရောက်ထမ်းဆောင်လိမ့်မည်ဟု ခန့်မှန်းချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်စေလျက်ရှိသည်။

မူလက ၂၀၁၉ ခုနှစ်တွင် ရာထူးမှဆင်းမည်ဟု ခန့်မှန်းခံထားရသည့် Disney ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ရောဘတ်အီဂါမှာမူ ၂၀၂၁ ခုနှစ်အထိ တာဝန်ဆက်လက် ထမ်းဆောင်သွားလိမ့်မည်ဖြစ်သည်။

Ref: AFP/ BBC