ကာတာက ဗြိတိန်ထံမှ Typhoon တိုက်လေယာဉ် ၂၄ စင်းဝယ်ယူရန် ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်၌ လက်မှတ်ရေးထိုး

ကာတာက ဗြိတိန်ထံမှ Typhoon တိုက်လေယာဉ် ၂၄ စင်းဝယ်ယူရန် ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်၌ လက်မှတ်ရေးထိုး
Published 12 December 2017

၂၀၀၄ ခုနှစ် ဇူလိုင် ၂၄ ရက်က လန်ဒန်အနောက်တောင်ပိုင်းတွင် လေကြောင်းပြပွဲ၌ တွေ့ရသော Eurofighter Typhoon တစ်စင်း (Photo: AFP)

ကာတာသည် ဒီဇင်ဘာ ၁၀ ရက်က ဗြိတိန်ထံမှ Typhoon တိုက်လေယာဉ် ၂၄ စင်းဝယ်ယူရန် ဒေါ်လာဘီလျံနှင့်ချီတန်ဖိုးရှိသော သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ပင်လယ်ကွေ့ဒေသတွင်း၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သံတမန်ရေးပဋိပက္ခဖြစ်နေစဉ် ယင်းသည် ယခုသီတင်းပတ်အတွင်း ကာတာလက်မှတ်ရေးထိုးခဲ့သည့် ဒုတိယမြောက်ကာကွယ်ရေး သဘောတူညီချက်တစ်ခု ဖြစ်လာခဲ့သည်။

ဒေါ်လာရှစ်ဘီလျံတန်ဖိုးရှိသော ထိုသဘောတူညီချက်ကို မြို့တော်ဒိုဟာ၌ ကာတာကာကွယ်ရေးဝန်ကြီး ခါလစ်ဘင်မိုဟာ မက်အယ်အတီယာနှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆန်တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဝီလျံဆန်၏ ပြောကြားချက်အရ ယင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း Typhoon လေယာဉ်များအတွက် အကြီးဆုံးမှာယူမှုကြီး ဖြစ်လာကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက်ကလည်း ကာတာသည် ပြင်သစ်ထံမှ Dassault Aviation လေယာဉ် ၁၂ စင်းဝယ်ယူရန် ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိသော သဘောတူညီချက်တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့သေးသည်။

“အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ကျွန်တော်တို့ မျှဝေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ၊ ဒေသတွင်းတည်ငြိမ်ရေးကိုပံ့ပိုးမှုနဲ့ နိုင်ငံတွင်းလုံခြုံရေးတို့အတွက် ကာတာစစ်တပ်ရဲ့တာဝန်တွေကို ဒီခန့်ညားတဲ့ဂျက်လေယာဉ်တွေက အထောက်အကူပေးမှာပါ” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ကာတာသည် ဗြိတိန်ထံမှ နောက်ထပ်စစ်လက်နက်ပစ္စည်းများ ဝယ်ယူလိုသောရည်ရွယ်ချက်မှာ ယခုသဘောတူညီချက်တွင်ပါဝင်နေပြီး Hawk လေယာဉ်များကို ထပ်မံဝယ်ယူရန်ရှိကြောင်း သိရသည်။

Typhoon လေယာဉ်များကိုဝယ်ယူရေးအတွက် နှစ်နိုင်ငံကြားတွင် နားလည်မှုစာချုပ်မူကြမ်းကို စက်တင်ဘာလက ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်အရ ကာတာသည် Typhoon ဂျက်များကိုဝယ်ယူသည့် ကိုးနိုင်ငံမြောက်နိုင်ငံဖြစ်သည်ဟု သိရသည်။

၂၀၂၂ ခုနှစ်တွင် ကာတာ၌လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပွဲအတွက် လုံခြုံရေးပံ့ပိုးပေးရန် ဗြိတိန်နှင့် ကာတာလေတပ်နှစ်ခုတို့ ပူးတွဲထိန်းချုပ်မည့် လေယာဉ်အုပ်စုတစ်စု တည်ဆောက်ရေး သဘောတူညီချက်တစ်ခုကိုလည်း ကာကွယ်ရေးဝန်ကြီးနှစ်ဦးတို့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ကာတာသည် ဆော်ဒီဦးဆောင်သော ပင်လယ်ကွေ့နိုင်ငံများနှင့် ပြဿနာဖြစ်ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုမှုမြင့်တက်လာခဲ့သည်။ ကာတာသည် ဗြိတိန်၊ ပြင်သစ်တို့အပြင် အမေရိကန်၊ အီတလီတို့နှင့်လည်း ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်များလည်း ချုပ်ဆိုထားသည်။

လက်ရှိတွင် ပင်လယ်ကွေ့ဒေသ၌ တင်းမာမှုများမြင့်တက်လျက်ရှိပြီး ကာတာကို ဆော်ဒီကဦးဆောင်ပြီး အဆက်အဆံမလုပ်ဘဲ ဖယ်ကြဉ်ထားသည်မှာ ခုနစ်လကြာပြီဖြစ်သည်။ ကာတာသည် အစ္စလာမ္မစ်အစွန်းရောက်များကို ထောက်ပံ့ပေးနေပြီး ဆော်ဒီ၏ခါးသီးသော ပြိုင်ဘက်ရှီအိုက်အီရန်နှင့်လည်း နီးနီးစပ်စပ်ရှိလွန်းသည်ဟုစွပ်စွဲ၍ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဘာရိန်း၊ အီဂျစ်တို့သည် ကာတာကို သံတမန်ရေးအရ အဆက်အသွယ်ဖြတ်ထားသည်မှာ ဇွန် ၅ ရက်ကတည်းက ဖြစ်သည်။ ထိုလေးနိုင်ငံသည် ကာတာကို လေကြောင်းနှင့် ရေကြောင်းဆက်သွယ်မှုများကိုပါ ဖြတ်တောက်ထားခြင်းဖြစ်သည်။