ဖိလစ်ပိုင်တက္ကသိုလ်နှင့် ကောလိပ်များ၌ အခမဲ့ ပညာရေးစနစ် ပြဋ္ဌာန်းမည့် ဥပဒေကို သမ္မတ ဒူတာတေးက လက်မှတ်ရေးထိုး

ဖိလစ်ပိုင်တက္ကသိုလ်နှင့် ကောလိပ်များ၌ အခမဲ့ ပညာရေးစနစ် ပြဋ္ဌာန်းမည့် ဥပဒေကို သမ္မတ ဒူတာတေးက လက်မှတ်ရေးထိုး
Published 4 August 2017

ဇူလိုင် ၁၁ ရက်က မနီလာအရှေ့ဘက် မာကာတီမြို့ရှိ ဖိလစ်ပိုင် စတော့အိတ်ချိန်းသို့ ပထမဆုံးအကြိမ် သွားရောက်စဉ် မိန့်ခွန်းပြောနေသည့် သမ္မတ ဒူတာတေး (Photo: AP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အစိုးရတက္ကသိုလ် အားလုံးတွင် ကျောင်းလခမလိုသည့် ပညာရေး ဖြစ်လာစေမည့် ဥပဒေကို လက်မှတ်ထိုးပေးလိုက်သည်ဟု အစိုးရ အရာရှိ တစ်ဦးက သြဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတ၏ စီးပွားရေး စီမံခန့်ခွဲသူများက ထိုဥပဒေကို ပယ်ချရန် အကြံပေးချက်ကို ဒူတာတေးက ဘေးဖယ်ပြီး ယခုကဲ့သို့ လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

ယခု ဥပဒေကြောင့် ရရှိလာမည့် အကျိုးအမြတ်သည် အလားအလာရှိသည့် ဘတ်ဂျက်ဆိုင်ရာ ရေတိုစိန်ခေါ်မှုထက် ပိုမိုအလေးသာနေသည်ဟု သမ္မတက ယုံကြည်နေကြောင်း ဒုတိယ အမှုဆောင် အတွင်းရေးမှူး မီနာဒိုဂွီဗာရာက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဖော်ပြခဲ့သည်။

တက္ကသိုလ်၊ ကောလိပ်များတွင် အခမဲ့ ပညာရေးစနစ် ပြဋ္ဌာန်းခြင်းသည် တစ်နှစ်လျှင် ဖိလစ်ပိုင်ပီဆို ဘီလျံ ၁၀၀ (ဒေါ်လာ နှစ်ဘီလျံ) ကုန်ကျနိုင်သဖြင့် အစိုးရသည် ထိုစရိတ်ကို မတတ်နိုင်ဟု ဒူတာတေး၏ စီးပွားရေး စီမံခန့်ခွဲသူများက ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရ တက္ကသိုလ်များနှင့် ကောလိပ် (SUCs) များတွင် ကျောင်းလခ မလိုအပ်သော ပညာရေးစနစ် ပြဋ္ဌာန်းခြင်းသည် ဆင်းရဲသားများအတွက် အကျိုးမဖြစ်ထွန်းစေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝင်ငွေနိမ့် မိသားစုများမှ လာသော ကျောင်းသားများအနက် ၁၂ ရာခိုင်နှုန်းကသာ SUCs တွင် ရှိနေသောကြောင့် ဖြစ်ကြောင်းလည်း ၎င်းတို့က ထောက်ပြခဲ့ကြသည်။

“SUCs တွေမှာ အခမဲ့ ပညာရေးစနစ်ကို မိတ်ဆက်လိုက်ခြင်းဟာ သမ္မတရဲ့ လူမှုဖွံ့ဖြိုးရေး မူဝါဒရဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင် ဒါမှမဟုတ် ထောက်တိုင်တစ်ခု ဖြစ်ပါတယ်” ဟု ဂွီဗာရာက ပြောကြားခဲ့သည်။

ထိုဥပဒေသည် တစ်နှစ်လျှင် ပီဆို ဘီလျံ ၂၀ မှ ၂၅ ကြားတွင်သာ လိုအပ်မည်ဖြစ်ပြီး သမ္မတ၏ စီးပွားရေး စီမံခန့်ခွဲသူများ ခန့်မှန်းထားသည်ထက် အလွန်နည်းကြောင်း အထက်လွှတ်တော်အမတ် ဖရန်ကလင်ဒရီလွန်က ပြောကြားခဲ့သည်။

ဒူတာတေး အစိုးရအဖွဲ့သည် ဒူတာတေး၏ ရာထူးသက်တမ်းကာလ ကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်အထိ အခြေခံ အဆောက်အအုံများအတွက် အသုံးစရိတ်ကို ဒေါ်လာ ဘီလျံ ၁၈၀ အထိ သုံးစွဲရန် စီစဉ်ထားကြသည်။ ထိုကြောင့် ယင်းအစီအစဉ် ဖြစ်မြောက်ရေးအတွက် ငွေကြေးပံ့ပိုးပေးရန် အစိုးရသည် အခွန်သတ်မှတ်ချက် အသစ်များ ပြဋ္ဌာန်းရန် ဥပဒေပြု အမတ်များအား တောင်းဆိုနေသည်။ ဒူတာတေး၏ စီးပွားရေး စီမံကိန်းများက သမ္မတ၏ ခြောက်နှစ်သက်တမ်း မကုန်ဆုံးမီ စီးပွားရေး တိုးတက်မှုကို ရှစ်ရာခိုင်နှုန်းအထိ မြှင့်တင်ရန် အလေးထားနေသည်။

Ref: AFP