အိန္ဒိယတွင် မုတ်သုံရာသီရေကြီးမှုကြောင့် ဂူဂျရတ်ပြည်နယ်တွင် သေဆုံးသူ ၂၁၃ ဦးအထိ မြင့်တက်လာ

အိန္ဒိယတွင် မုတ်သုံရာသီရေကြီးမှုကြောင့် ဂူဂျရတ်ပြည်နယ်တွင် သေဆုံးသူ ၂၁၃ ဦးအထိ မြင့်တက်လာ
Published 31 July 2017

ဇူလိုင် ၂၉ ရက်က ပါတန်ခရိုင်ရှိ အဘီယာနာရွာတွင် အိမ်ခေါင်မိုးပေါ်၌ စုဝေးနေသော ရေဘေးသင့်ဒုက္ခသည်များအား အိန္ဒိယလေတပ်ရဟတ်ယာဉ် တစ်စင်ပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဂူဂျရတ်ပြည်နယ်တွင် ဖြစ်ပွားနေသော ဆိုးဆိုးရွားရွား မုတ်သုံရာသီ ရေကြီးမှုအတွင်း သေဆုံးသူ ၂၁၃ ဦး ရှိသွားပြီဖြစ်ကြောင်း အစိုးရအရာရှိများက ဇူလိုင် ၃၀ ရက်တွင် ပြောခဲ့ကြသည်။ ကယ်ဆယ်ရေးသမားများကမူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးနေသော ရွာများထဲတွင် ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြဆဲဖြစ်သည်။

မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယပြည်နယ် အများအပြားတွင် ပျက်စီးမှုအခြေအနေ အမျိုးမျိုးဖြစ်ပေါ်နေပြီး ကားလမ်းများပျက်စီးကာ လျှပ်စစ်မီးများ ပြတ်တောက်နေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သေဆုံးသူဦးရေမှာမူ ၇၀၀ နီးပါး ရှိသွားပြီဖြစ်သည်။

ဂူဂျရတ်ပြည်နယ်တွင် ရေကြီးမှုအတွင်း သေဆုံးသူဦးရေသည် ဇူလိုင် ၂၆ ရက်က ၁၂၃ ဦးရှိခဲ့ရာမှ ခုန်တက်လာခြင်းဖြစ်သည်။ ရေများပြန်ကျလာပြီဖြစ်သဖြင့် ကယ်ဆယ်ရေးသမားများသည် ဝေးလံခေါင်သီသောနေရာများအထိ လက်လှမ်းမီလာနိုင်ပြီဖြစ်သဖြင့် အလောင်းများကို ထပ်မံတွေ့ရှိကာ ယခုကဲ့သို့ သေဆုံးသူဦးရေ မြင့်တက်လာခြင်းဖြစ်သည်။ “ယခုမုတ်သုံရာသီအတွင်း ဂူဂျရတ်ပြည်နယ်မှာ သေဆုံးသူဦးရေ ၂၁၃ ဦးအထိ မြင့်တက်လာပြီ ဖြစ်ပါတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲ အေဂျေရှာက ဆိုသည်။

စိတ်ထိခိုက်နေကြသော အာဏာပိုင်တို့က သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။ တစ်ချိန်တည်းမှာပင် အာဏာပိုင်တို့သည် လက်ရှိများပြားလှသော အလောင်းများသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့ကိုရင်ခွဲ စစ်ဆေးရေးတို့အတွက် ရုန်းကန်နေရသည်။

“သေဆုံးသူဦးရေဟာ ရုတ်တရက်ခုန် တက်လာတဲ့အတွက် ရင်ခွဲစစ်ဆေးခြင်းတွေကို အချိန်ယူ လုပ်ဆောင်နေရပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယင်းကြောင့် သေဆုံးသူ စာရင်းအတိအကျကို မထုတ်ပြန်နိုင်သေးဘဲ ရှိနေရသည်။

ဂူဂျရတ်ပြည်နယ်အပြင်၊ အာရွန်နာချယ်ပရာဒေ့ရှ်နှင့် အာသံပြည်နယ်တို့သည်လည်း မုတ်သုံရာသီရေကြီးမှုဒဏ်ကို ခံနေရသည်။ အာသံတွင်မူ သေဆုံးသူ ၇၇ ဦးထက်မနည်းရှိနေပြီး ဧပြီလကတည်းက အရေးပေါ် အခြေအနေ ကြေညာထားရခြင်း ဖြစ်သည်။

ဇူလိုင် ၃၁ ရက်တွင်မူ နိုင်ငံအရှေ့ပိုင်းရှိ သြရိသပြည်နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရသွားခဲ့သည်။ အဆိုပါ သေဆုံးဒဏ်ရာရသူများသည် လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြစဉ် မိုးကြိုးပစ်ခံလိုက်ရခြင်း ဖြစ်သည်။ အဆိုပါသြရိသပြည်နယ်သည်လည်း ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသည့် ဒေသတစ်ခုဖြစ်သည်။

Ref: AFP