ရုရှားတွင် ရထားနှင့် ဘတ်စ်ကား တိုက်မိမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံး

ရုရှားတွင် ရထားနှင့် ဘတ်စ်ကား တိုက်မိမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံး
Published 8 October 2017

ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် ရထားနှင့် ဘတ်စ်ကား တိုက်မိမှုကို တွေ့ရစဉ် (Photo: AFP)

ရုရှားနိုင်ငံ အရှေ့ပိုင်းကို ဖြတ်ကျော်သော ရထားလမ်းဆုံ တစ်ခုတွင် အောက်တိုဘာ ၆ ရက်က စက်ပျက်နေသည့် ဘတ်စ်ကား တစ်စီးအား ရထားတစ်စင်းက အရှိန်ဖြင့် ဝင်တိုက်မိခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မော်စကိုမှ ကီလိုမီတာ ၁၁၀ (မိုင် ၇၀) ခန့်အကွာရှိ ပေါ့ရော့ဗ်မြို့အနီး အရုဏ်မတက်မီတွင် ယင်းတိုက်မိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အကြိုသတင်းအချက်အလက်များအရ ကလေးတစ်ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း၊ အရွယ်မရောက်သေးသူများ အပါအဝင် အခြားခရီးသည်များအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။ ရထားလမ်းဆုံ ဖြတ်သန်းသည့် နေရာတွင် ယင်းဘတ်စ်ကား စက်ပျက်နေခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်မိမှုအတွင်း ဥဇဘက်ကစ္စတန် နိုင်ငံသား ၁၉ ဦး သေဆုံးခဲ့ကြောင်း ဥဇဘက်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ရုရှားကမူ ၁၆ ဦးသာ သေဆုံးခဲ့ဟု ထုတ်ပြန်ခဲ့သည်။ ရုရှား ဒုတိယ အကြီးဆုံးမြို့ စိန့်ပီတာစဘတ်မှ မော်စကို အရှေ့ဘက်ရှိ Nizhny Novgorod သို့ တစ်နာရီလျှင် ကီလိုမီတာ ၉၀ နှုန်းဖြင့် ခုတ်မောင်းလာသော ရထားသည် ဒေသစံတော်ချိန်နံနက် ၃ နာရီ ၂၉ မိနစ်တွင် ဘတ်စ်ကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရထားမောင်းသူက ယင်းလမ်းဆုံမှ မီတာ ၄၀၀ ခန့်အကွာ၌ အရေးပေါ်ဘရိတ်များကို ဆွဲပြီး သတိပေးသံများ ပြုလုပ်ခဲ့သော်လည်း ရထားသည် ဘတ်စ်ကားကို ဝင်တိုက်မိသည့်အချိန်အထိ မရပ်ခဲ့ကြောင်း ရုရှားရထားပို့ဆောင်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းဘတ်စ်ကားပေါ်တွင် လူ ၅၈ ဦး လိုက်ပါလာပြီး ဥဇဘက်နိုင်ငံသား ၅၆ ဦးနှင့် ကာဇက်စတန်ယာဉ်မောင်း နှစ်ဦးတို့ ဖြစ်သည်။ ရထားပေါ်မှ တစ်ဦးမျှ ဒဏ်ရာမရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံများတွင် အဖြူရောင် မာစီးဒီးဘတ်စ်ကားသည် ရထားတိုက်ခံခဲ့ရမှုကြောင့် ကားခေါင်မိုးသည် စုတ်ပြတ်သွားခဲ့ပြီး ကားသည် လုံးဝနီးပါး ပျက်စီးသွားခဲ့ ကာ အပျက်အစီးများသည် ရထားလမ်းများပေါ်၌ ပြန့်ကြဲနေသည်ကို မြင်တွေ့ခဲ့ရသည်။

ဥဇဘက်ကဲ့သို့သော ဆိုဗီယက်ယူနီယံမှ ခွဲထွက်ခဲ့သည့် ဆင်းရဲသောနိုင်ငံများမှ သန်းနှင့်ချီသော ရွှေ့ပြောင်းအခြေချများသည် ရုရှားတွင် လုပ်ကိုင်ရန်အတွက် သွားရောက်ခဲ့ကြသည်။

၂၀၀၆ ခုနှစ်တွင် ရုရှားတောင်ပိုင်း ကရက်စ်နိုဒါဒေသ၌ ကာရံထားခြင်း မရှိသော ရထားလမ်းဆုံတွင် ရထားတစ်စင်းက ဘတ်စ်ကား တစ်စီးအား ဝင်တိုက်မိခဲ့ရာ လူ ၂၂ ဦး သေဆုံးခဲ့ရအပြီး ယခုဖြစ်စဉ်သည် ရုရှားတွင် ရထားနှင့် ဘတ်စ်ကားတိုက်မိမှု၌ လူသေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်လာခဲ့ဖွယ် ရှိသည်။

Ref: AFP