ပြည်ထောင်စုလွှတ်တော် အလှည့်ကျနာယကတာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောင်းလဲတာဝန်ယူ

ပြည်ထောင်စုလွှတ်တော် အလှည့်ကျနာယကတာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောင်းလဲတာဝန်ယူ
Published 2 August 2018

သြဂုတ် ၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အလှည့်ကျနာယကတာဝန်အား လွှဲပြောင်းပေးအပ်စဉ်

လွှတ်တော်သက်တမ်း ပထမလပေါင်း ၃၀ ပြည့်ပြီဖြစ်သော ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ သြဂုတ် ၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပထမလပေါင်း ၃၀ ပြည့်ပြီဖြစ်သည့် ပြည်ထောင်စုလွှတ်တော်နာယကကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အတွေ့အကြုံရှိပြီးသား ပုဂ္ဂိုလ်ပေါ့နော်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာလည်း လွှတ်တော်ကိစ္စရပ်တွေမှာ အများကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အခု ဒုတိယဥက္ကဋ္ဌကနေတစ်ဆင့် ဥက္ကဋ္ဌဖြစ်လာတယ်။ အခုလည်း နာယကတာဝန်ထမ်းဆောင်မယ်ဆိုတော့ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေက ဒီထက်ပိုပြီးတော့ သွက်သွက်လက်လက်နဲ့ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ယူဆတယ်။ အစိုးရကို ထိန်းကျောင်းဖို့တော့ သိပ်မလျော်သင့်ဘူး။ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာတော့ တော်တော်လေး ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ ယူဆတယ်။ လွှတ်တော်က အစိုးရဘက်ကို ထိန်းကျောင်းဖို့ဆိုတာ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်တည်းလုပ်ရတဲ့ တာဝန်ဝတ္တရားမဟုတ်ဘူးလေ။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး လွှတ်တော်တစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ လွှတ်တော်ဥက္ကဋ္ဌကတော့ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက် အပေါ်မှာ ထိန်းကျောင်းပြီးတော့ လမ်းမှန်ရောက်အောင် ဦးစီးဦးဆောင်သွားနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်” ဟု မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူထားသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် သြဂုတ် ၁ ရက်တွင် တာဝန်ပြီးဆုံးမည်ဖြစ်သောကြောင့် ကျန်ရှိသည့် လွှတ်တော်သက်တမ်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွဲှပြောင်း တာဝန်ယူရခြင်းဖြစ်သည်။

ပထမအကြိမ် လွှတ်တော်အစည်းအဝေး ကာလအတွင်း ပြည်ထောင်စုလွှတ်တော်နာယက အလွဲှအပြောင်းကို ချောချောမွေ့မွေ့လွဲှပြောင်းပေးနိုင်သကဲ့သို့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင်လည်း နာယက အပြောင်းအလဲကို လွှဲပြောင်းနိုင်ခြင်းသည် ဒီမိုကရေစီအား ရင့်ကျက်လာသည်ဟု ပြောလို့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

“အခု နာယကလုပ်တဲ့ ဦးတီခွန်မြတ်က ကချင်လူမျိုး၊ လွှဲပေးလိုက်တဲ့ပုဂ္ဂိုလ်က ကရင်လူမျိုး။ ဒါ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးမူအရ နဂိုကတည်းက ရွေးထားတဲ့ ပုဂ္ဂိုလ်တွေ။ အခုသူတို့တာဝန်ယူကြတဲ့အခါကျတော့ သူတို့ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းကို ဂုဏ်ယူစွာနဲ့ ထမ်းဆောင်နေကြမှာဖြစ်သလို သူတို့တိုင်းရင်းသားလူမျိုးတွေကလည်း သူတို့ကိုယ်စား ဂုဏ်ယူနေကြမှာပါ။ ဒါကတစ်ချက်၊ နောက်တစ်ချက်က အရင်ပြည်သူ့လွှတ်တော်တုန်းကလည်း ဒီလို အေးအေးဆေးဆေး ချောချောမွေ့မွေ့ ဥက္ကဋ္ဌတာဝန် လွဲှပြောင်းပေးခဲ့သလို အခုလည်း ချောချောမွေ့မွေ့နဲ့ အဆင်ပြေအောင် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ပြောင်းနိုင်တယ်ဆိုတာ ဒီမိုကရေစီအားမှာ ရင့်ကျက်လာပြီလို့ ပြောလို့ရတာပေါ့” ဟု ဦးဝင်းထိန်က ပြောကြားသည်။

လွှတ်တော်သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ ပထမလပေါင်း ၃၀ တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုလည်းကောင်း၊ ကျန်လပေါင်း ၃၀ ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စု လွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်ကိုလည်းကောင်း လွဲှပြောင်းထမ်းဆောင်ရခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အနိုင်ရရှိခဲ့သည့် NLD အစိုးရလက်ထက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးအစတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့် (လက်ရှိသမ္မတ)၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်း (ပြည်ထောင်စုလွှတ်တော်နာယက)နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင် (ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက)တို့က တာဝန်ယူကာ ဥပဒေပြုရေးမဏ္ဍိုင်ကို လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမြင့်သည့် နိုင်ငံတော်သမ္မတအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ချိန်တွင် ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရခြင်းဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးအပ်ခဲ့သည်။

ကျန်ရှိသည့် လွှတ်တော်သက်တမ်းလပေါင်း ၃၀ ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က နာယက၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒုတိယနာယကအဖြစ် တာဝန်ယူကာ ဆက်လက် ကျင်းပသွားရမည်ဖြစ်သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အနေဖြင့် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူခဲ့သည့် ပထမလပေါင်း ၃၀ အတွင်း ပုံမှန်အစည်းအဝေး ရှစ်ကြိမ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ဥပဒေပြုခြင်းအပိုင်းတွင် ၂၀၁၆ ခုနှစ်တွင် ၄၄ ခု၊ ၂၀၁၇ ခုနှစ်တွင် ၂၉ ခုနှင့် ၂၀၁၈ ခုနှစ်တွင် သြဂုတ် ၁ ရက်အထိ ၂၂ ခု စုစုပေါင်း ဥပဒေ ၉၅ ခုကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ချေးငွေရယူရေး ကိစ္စရပ် ၄၀ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စရပ် ၂၆ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။