ဒဂုံဆိပ်ကမ်းမြို့နယ်တွင် (၆၇) ရပ်ကွက်တွင် ရပ်ကွက်နေပြည်သူအားလုံး သန်းခေါင်စာရင်းရရှိရေး အပါအဝင် အချက် ၅ ချက်ဖြင့် ပြည်သူ ၂၀၀ကျော်ခန့်က လမ်းလျှောက်ဆန္ဒထုတ်ဖော်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် (၆၇) ရပ်ကွက်တွင် ရပ်ကွက်နေပြည်သူအားလုံး သန်းခေါင်စာရင်းရရှိရေး အပါအဝင် အချက် ၅ ချက်ဖြင့် ပြည်သူ ၂၀၀ကျော်ခန့်က လမ်းလျှောက်ဆန္ဒထုတ်ဖော်
Published 7 May 2018

■ ဓာတ်ပုံ - နေဝန်းထက်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ (၆၇) ရပ်ကွက်တွင် အိမ်ခြေလေးထောင်ကျော် ရှိသည့်အနက် ၃၂ ဦးသာ သန်းခေါင်စာရင်း ရရှိသည့်အတွက် နိုင်ငံသား အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် မေ ၇ ရက် နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်၌ နေထိုင်သည့် ပြည်သူ ၂၀၀ ကျော်က ရပ်ကွက်နေ ပြည်သူအားလုံး သန်းခေါင်စာရင်းရရှိရေး အပါအဝင် အချက် (၅) ချက်ဖြင့် ဧရာဝဏ်လမ်းမမှ စတင်ကာ ယုဇနဥယျာဉ်မြို့တော်ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ (၆၇) ရပ်ကွက်တွင် အိမ်ခြေလေးထောင်ကျော် ရှိသည့်အနက် သန်းခေါင်စာရင်းရရှိသူ ၃၂ ဦးရှိပြီး အခြားသော ရပ်ကွက်နေပြည်သူများမှ သန်းခေါင်စာရင်းရရှိခြင်း မရှိသည့်အတွက် နိုင်ငံသားစိစစ်ရေးကဒ် လျှောက်ထားမှု အပါအဝင် အချို့သော ပြည်သူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် အဆိုပါရပ်ကွက်တွင် နေထိုင်သည့် ကလေးသူငယ်များ အပါအဝင် ပြည်သူ ၂၀၀ ကျော်ခန့်က လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါရပ်ကွက်တွင် နေထိုင်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ် မရရှိထားခြင်းကြောင့် အလုပ်အကိုင် လျှောက်ထားမှုများတွင် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း စသည့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စများတွင် သန်းခေါင်စာရင်း ရရှိထားသူများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့်အတွက် မျှတမှုမရှိဟု ခံစားနေရကြောင်း သိရသည်။