<

မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ၂၂ ဘီးတွဲယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ဧပြီ ၈ ရက် နံနက် ၅ နာရီခန့်က မူဆယ်ဘက်မှ မောင်းနှင်လာသော ၂၂ ဘီးတွဲကားယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မူဆယ်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းနေထက်လင်း (၂၆ နှစ်) မောင်းနှင်လာသော အပ်ချုပ်စက်နှင့် စက္ကူလိပ်များတင်ဆောင်လာသော 9J/5894 ၂၂ ဘီးတွဲကားယာဉ်သည် နောင်ပိန်နယ်မြေရဲစခန်းအပိုင် ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် (၈၄/၂) နှင့် (၈၄/၃) အကြား အဆင်းကွေ့ကြောတွင် လမ်းယာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

“ဂုတ်တွင်းလမ်းကတော့ မနက် ၅ နာရီလောက်ကစပြီး လမ်းပိတ်သွားပါတယ်။ အခုလက်ရှိကတော့ ကားကိုပြန်ထောင်ပြီးပါပြီ။ လမ်းဘေးကို မကပ်နိုင်သေးပါဘူး။ လမ်းဘေးမကပ်နိုင်သေးတဲ့အတွက် အိမ်စီးကားလေးတွေကိုတော့ လွှတ်ပေးနေပါတယ်။ ကုန်ကားတွေကိုတော့ လွှတ်မပေးနိုင်သေးပါဘူးခင်ဗျ။ ရာသီဥတုကတော့ မနက်ပိုင်းမှာတော့ မိုးတော်တော်ရွာပါတယ်။ အခုတော့တိတ်သွားပါပြီ။ မိုးပြန်ရွာမယ့် အခြေအနေတော့ရှိနေပါတယ်” ဟု ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်ကျော်ထွန်းက ဧပြီ ၈ ရက် နံနက် (၁၀) နာရီခန့်က ပြောကြားသည်။

အဆိုပါ ဂုတ်တွင်းလမ်းပိတ်ဆို့မှုကြောင့် နောင်ပိန်ဘက်အခြမ်းတွင် မိုးမြင့်သာစားသောက်ဆိုင်မှ ဂုတ်တွင်းလမ်းအထိ ယာဉ်များ တန်းစီစောင့်ဆိုင်းနေကြရပြီး နောင်ချိုဘက်အခြမ်းတွင်လည်း ကုန်တင်ယာဉ်ကြီးများစွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။

လားရှိုးမြို့တွင်လည်း မူဆယ်ဘက်မှလာသော ခြောက်ဘီးအထက် ကုန်တင်ယာဉ်များအား မြို့ရှောင်လမ်းရှိ တိုးဂိတ်တွင် နံနက် (၁၁) နာရီခန့်မှစတင်ကာ ရပ်တန့်စောင့်ဆိုင်းစေပြီး အိမ်စီးကားနှင့် ခြောက်ဘီးကားများသာ ဖြတ်သန်းခွင့်ပေးထားကြောင်း သိရသည်။ မိုးများရွာသွန်းမှုကြောင့် ဧပြီ ၈ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ မြို့ရှောင်လမ်းတွင် မူဆယ်ဘက်မှလာသော ၂၂ ဘီးတွဲကား ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးထိုးကျခဲ့သဖြင့် တွဲကားတစ်စီးဖြင့် လမ်းပေါ်ဆွဲတင်ခဲ့ရကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိုင်းအခြေအနေမှာ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီအထိ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

April 8, 2018














Copy Protected by Chetan's WP-Copyprotect.