စစ်မှန်သော ထာဝရငြိမ်းချမ်းရေးမရသရွေ့ ကရင်ပြည်နယ်အတွင်း စွမ်းအင်နှင့် အကြီးစားဆောက်လုပ်ရေးစီမံကိန်းများ ရပ်တန့်ရန် ကရင်မြစ်ချောင်းများကွန်ရက် တောင်းဆို

စစ်မှန်သော ထာဝရငြိမ်းချမ်းရေးမရသရွေ့ ကရင်ပြည်နယ်အတွင်း စွမ်းအင်နှင့် အကြီးစားဆောက်လုပ်ရေးစီမံကိန်းများ ရပ်တန့်ရန် ကရင်မြစ်ချောင်းများကွန်ရက် တောင်းဆို
Published 15 March 2018

ဟတ်ကြီးရေကာတာ တည်ဆောက်မည့်နေရာအနီး၌ ဆန္ဒထုတ်ဖော်မှု ပြုလုပ်စဉ်

စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို မဆွတ်ခူးနိုင်သေးသရွေ့ ကရင်ပြည်နယ်အတွင်း စွမ်းအင်နှင့် အကြီးစားဆောက်လုပ်ရေးစီမံကိန်းများကို ရပ်တန့်ရန် ကရင်မြစ်ချောင်းများကွန်ရက်မှ မတ် ၁၄ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ကြောင်း သိရသည်။

သံလွင်မြစ်ဝှမ်းဒေသ၌ တည်ဆောက်ရန် လျာထားသည့် ရေကာတာစီမံကိန်းငါးခုသည် လွတ်လပ်စွာစီးဆင်းနေသည့် ကမ္ဘာ့မြစ်ကြီးထဲက တစ်စင်းဖြစ်သည့် သံလွင်မြစ်ကို ပျက်စီးခြင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ထိုမျှမက အဆိုပါရေကာတာစီမံကိန်းကြီးများသည် ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းစစ်ဖြစ်သည့် မြန်မာပြည်တွင်းစစ်ကို အဆုံးသတ်စေမည့် စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်မှု အခွင့်အရေးကို ပျက်စီးစေမည်ဖြစ်ကြောင်း၊ ဤရေကာတာများကို တည်ဆောက်ပါက ပြည်တွင်းစစ်ဒဏ်ကို ကြာရှည်စွာခံစားလာရသော ပြည်သူများကို မြေမရှိ၊ ယာမရှိ၊ အိုးအိမ်မရှိသည့် အခြေအနေသို့ ပို့ဆောင်မည်ဖြစ်သလို ထိလွယ်ခိုက်လွယ်သော ဒေသများအတွင်း စစ်မီးမငြိမ်းသောဒေသများအဖြစ်သို့ ထာဝရပို့ဆောင်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

သံလွင်မြစ်အပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု NLD အစိုးရအဖွဲ့မှ အတည်ပြုပြောကြားခဲ့ပြီးနောက် နှစ်ပတ်ကျော်အကြာ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ဘားအံနှင့် ဖာပွန်ခရိုင်ကြားတွင် တည်ရှိနေသည့် ဟတ်ကြီးရေကာတာ စီမံကိန်းနေရာ၏ အရှေ့ဘက် မနီးမဝေးနယ်မြေအတွင်း တပ်မတော်နှင့် ၎င်း၏နယ်ခြားစောင့်တပ်ဘက်မှ ဟတ်ကြီးရေကာတာစီမံကိန်းအတွက် အဓိကကျသည့်လမ်းမကို ထိန်းချုပ်ရန်ကြိုးပမ်းခြင်းနှင့်အတူ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀၀ ကျော်သည် အိုးအိမ်နေရပ်များကို စွန့်ခွာကာ ယာယီဒုက္ခသည်စခန်းများ၌ ဆင်းရဲနုံချာစွာ နေထိုင်နေရကြောင်း၊ အများစုမှာ ပဋိပက္ခ အချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်သော အခြေအနေကြောင့် ယနေ့အထိ မိမိတို့ကျေးရွာများသို့ မပြန်နိုင်ဘဲရှိနေကြောင်း၊ ထို့ပြင် ဟတ်ကြီးရေကာတာ စီမံကိန်းနေရာ၏ အရှေ့ဘက်ခြမ်းနှင့် ဆက်သွယ်နိုင်ရန် မြေနီလမ်းတစ်ခုကိုလည်း အစိုးရက ယမန်နှစ်က ဖောက်လုပ်လာခဲ့ကြောင်း၊ ဤလမ်းကြောင့်နောင်တွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်သလို ဒေသခံများ၏ ဘဝလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပါကြောင်း၊ ကရင်မြစ်ချောင်းများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အစိုးရ၏ ရေကာတာစီမံကိန်းများက ထောင်ပေါင်းများစွာသော ပြည်သူများကို မြေယာ၊ ဥစ္စာပစ္စည်း၊ အိုးအိမ်မရှိသည့် အခြေအနေသို့ ပို့ဆောင်မည်ဖြစ်သလို ပဋိပက္ခများကြောင့် ဒုက္ခသည်နှင့် ပြည်တွင်းပုန်းရှောင်ဘဝသို့ ရောက်ရှိခဲ့ရသော ပြည်သူများစွာအတွက်လည်း အိမ်ပြန်ရန်မဖြစ်နိုင်တော့သည့် အခြေအနေသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ နောက်ဆုံး၌ အဆိုပါစွမ်းအင်စီမံကိန်းများမှရသော လျှပ်စစ်ဓာတ်အားကို ပြည်ပသို့တင်ပို့ရောင်းချပြီး လွတ်လပ်စွာစီးဆင်းနေသည့် သံလွင်မြစ်ကြီးနှင့် ၎င်းအပေါ်မှီခိုနေသည့် ရှမ်း၊ ကရင်နီ (ကယား)၊ ကရင်နှင့် မွန်ပြည်နယ်မှ သန်းပေါင်းများစွာသော လူထုအတွက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအမျိုးမျိုးကို သယ်ဆောင်လာမည်ဖြစ်ကြောင်း ထုတ်ပြန်တောင်းဆိုချက်တွင် ပါရှိသည်။

“တိုင်းရင်းသားဒေသခံပြည်သူလူထုရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ချောင်းတွေကို ရောင်းစားခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ဘယ်တော့မှ ဆွတ်ခူးနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီးတော့ တောင်းဆိုတာဖြစ်ပါတယ်” ဟု ကရင်မြစ်ချောင်းများ ကွန်ရက်တာဝန်ခံ ကိုစောသာဘိုးက ပြောကြားသည်။

မတ် ၁၄ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ဟတ်ကြီးရေကာတာ တည်ဆောက်မည့် နေရာအနီး၌ ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများမှ စုပေါင်းကာ ရေကာတာဆန့်ကျင်ရေး အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ဝှမ်းရှိ ဒေသခံပြည်သူ ၅၀၀၀ ခန့်ဖြင့် အီတုထ၊ သုမွဲထာ၊ မဲလထ၊ ဟတ်ကြီးတောင်ကြားစသည့် နေရာလေးနေရာခွဲပြီး ရေကာတာဆန့်ကျင်ရေး အခမ်းအနားများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ဒီရေကာတာကြီး ဆောက်မယ်ဆိုရင် ကျွန်တော်တို့လို အခက်အခဲတွေအများကြီးရှိတာပေါ့။ နှစ်ရှည်၊ နှစ်တိုအသီးအနှံပင်တွေ အများကြီးစိုက်ထားတယ်။ နောက်နေအိမ်တွေကိုလည်း ကောင်းကောင်းဆောက်ထားပြီးပြီ။ ရေကာတာတကယ်ဖြစ်လာရင် ကျွန်တော်တို့ မနည်းဆုံးရှုံးပြီပေါ့။ နေရာတွေရွေ့ရမယ်ဆိုရင်လည်း ဘယ်ကိုဘယ်လိုသွားရွေ့ရမလဲ။ ကျွန်တော်တို့က လယ်ယာပဲလုပ်တတ်တာလေ။ တခြားဘာမှမလုပ်တတ်ဘူး။ အဲဒါတွေကြောင့် ဒီဟတ်ကြီးဒေသမှာ ရေကာတာဆောက်မှာကို လုံးဝမကြိုက်ပါဘူး” ဟု ဟတ်ကြီးဒေသ ဘောတလေကျေးရွာနေ စောထိန်လင်းက ပြောကြားသည်

အဆိုပါ ရေကာတာတည်ဆောက်မှု စီမံကိန်းများအား ဆန့်ကျင်ကန့်ကွက်ပွဲသို့ ကရင်ပြည်နယ် ဖာပွန်ခရိုင် ဟတ်ကြီးတောင်တန်းအနီးဝန်းကျင်၌ နေထိုင်နေကြသည့် ကျေးရွာပေါင်း ၅၀ ခန့်မှ ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။