ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် အင်တာနက်ဆာဗာ တစ်နာရီခန့် ပြတ်တောက်မှုကြောင့် လာရောက်လျှောက်ထားသူ ထောင်နှင့်ချီ စုပြုံခဲ့ပြီး အခက်အခဲအချို့ ဖြစ်ပေါ်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် အင်တာနက်ဆာဗာ တစ်နာရီခန့် ပြတ်တောက်မှုကြောင့် လာရောက်လျှောက်ထားသူ ထောင်နှင့်ချီ စုပြုံခဲ့ပြီး အခက်အခဲအချို့ ဖြစ်ပေါ်
Published 10 March 2018

ရန်ကုန်မြို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှေ့တွင် ထောင်နှင့်ချီသော လာရောက် လျှောက်ထားသူများအား မတ် ၉ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးတွင် အင်တာနက်ဆာဗာ တစ်နာရီခန့် ပြတ်တောက်မှုကြောင့် မတ် ၉ ရက်တွင် လာရောက်လျှောက်ထားသူ ထောင်ချီစုပြုံခဲ့ပြီး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း လာရောက် လျှောက်ထားသူများထံမှ သိရသည်။

မတ် ၉ ရက် နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှေ့တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် လာရောက်သူ အလွန်များပြားခဲ့ပြီး လာရောက် လျှောက်ထားသူများ၏ ပြောကြားမှုအရ မတ် ၈ ရက် မွန်းလွဲပိုင်းက အင်တာနက်ဆာဗာ တစ်နာရီခန့် ပြတ်တောက်ခဲ့သဖြင့် လျှောက်ထားသူ ယခုလို ထောင်နှင့်ချီ၍ စုပြုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က နေ့ခင်းက အင်တာနက်ဆာဗာ ပြတ်သွားတယ်။ ပြီးတော့ မီးကလည်း ပျက်သွားသေးတယ်။ အဲဒါနဲ့ ဒီနေ့လူတွေ စုပြုံသွားတော့တာပဲ” ဟု နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူများတွင် မတ် ၉ ရက် နံနက် ၁ နာရီခန့် ကတည်းက နိုင်ငံကူးလက်မှတ်ရုံးရှေ့တွင် လာရောက်စောင့်ဆိုင်း သူများရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် လာရောက်လျှောက်ထားသူ ၆၀၀၀ ကျော် အဆိုပါရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ မနက် ၁ နာရီကတည်းက လာစောင့်နေတာ။ အခုမှရတာပါ။ ရဲတွေပြောတာ ကြားတာကတော့ မနက်က တန်းစီတာ လူ ၆၀၀၀ ကျော်လောက် ရှိမယ်တဲ့” ဟု လာရောက် လျှောက်ထားသူ တစ်ဦးက မတ် ၉ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ပြောကြားသည်။

နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအား ကူညီဆောင်ရွက်ပေးသူ တစ်ဦး၏ ပြောကြားချက်အရ ထိုကဲ့သို့ လူများစုပြုံရခြင်းသည် အင်တာနက်ဆာဗာ ပြတ်တောက်မှု အပါအဝင် ယခုရက်ပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ခရီးစဉ်များရှိသဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ယူရန် လာရောက်သူများနှင့် အခက်အခဲများကြောင့် မတ် ၈ ရက်တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ခြင်း မရှိသည့်သူများ လျှောက်ထားချိန် တိုက်ဆိုင်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှေ့တွင် ထောင်နှင့်ချီသော လာရောက် လျှောက်ထားသူများအား မတ် ၉ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

မတ် ၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် တန်းစီစောင့်ဆိုင်းသူများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးအတွင်း နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများ လုပ်ဆောင်ပေးခဲ့ပြီး ရုံးအတွင်း၌ စောင့်ဆိုင်းသူ ထောင်ချီခန့်ရှိကာ ရုံးပြင်ပတွင်လည်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ရာဂဏန်းခန့် ဆက်လက်ရှိနေသည်ကို တွေ့ရသည်။

ထိုသို့ လာရောက်လျှောက်ထားသူများထဲမှ အချို့က ခရီးသွားရန်အတွက် ယူဆောင်လာသည့် အဝတ်အစား အိတ်များကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အနီးအနားတွင် ချထား၍ လျှောက်ထားရန် စောင့်ဆိုင်းနေသည်ကို တွေ့ရပြီး ရုံးဆင်းချိန် ကျော်လွန်ပါက ညအိပ်စောင့်ဆိုင်းရန် ရှိကြောင်းလည်း သိရသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် အခကြေးငွေယူ၍ ကူညီပေးသူများရှိခဲ့ပြီး သတ်မှတ်ထားသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ကုန်ကျမည့် အခကြေးငွေထက် နှစ်ဆနီးပါးခန့်ယူကာ လုပ်ဆောင်ပေးခြင်းများ ရှိနေသဖြင့် စနစ်တကျ စောင့်ဆိုင်းသူများအတွက် ပိုမိုကြန့်ကြာမှုများ ရှိစေခဲ့ကြောင်း သိရသည်။

“ကျွန်တော့်သူငယ်ချင်း လာလျှောက်လို့ လိုက်လာတာ။ မနက် ၁၀ နာရီလောက်ကတည်းက ရောက်နေတာ။ အခု သူငယ်ချင်းက အထဲမှာ။ အထဲမှာလည်း လူ ၂၀၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ကို ၅၀၀၀၀ ပေးရမယ်။ မြန်မြန်ရမယ်ပြောလို့ ပေးလိုက်တော့ တန်းစီထားတဲ့ အတန်းကြီးကို ကျော်ပြီးတော့ ခေါ်သွားတယ်။ တကယ်တမ်းကျတာက သုံးသောင်းကျော်လောက်ပဲ” ဟု မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရန် လာရောက်သူ တစ်ဦး၏ မိတ်ဆွေဖြစ်သူက ပြောကြားသည်။