ခရိုနီကြီးများ၏ ညည်းတွားမှုကြောင့် အခွန်ရှောင်ဆုကြေး အလောတကြီးပေးသနားမည့် အစီအစဉ်အပေါ် တာဝန်ကျေ အခွန်ထမ်းများနှင့် မျှော်လင့်တကြီး မဲပေးခဲ့ကြသော နင်းပြားပြည်သူများ စိတ်ဒဏ်ရာမရစေရန် အခွန်အကောက်ဥပဒေကြမ်းမှ ပုဒ်မများကို ပယ်ဖျက်ကာ နောင်အခါမှ ဥပဒေကြမ်းတစ်ခုအဖြစ် တင်သွင်းသင့်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ခရိုနီကြီးများ၏ ညည်းတွားမှုကြောင့် အခွန်ရှောင်ဆုကြေး အလောတကြီးပေးသနားမည့် အစီအစဉ်အပေါ် တာဝန်ကျေ အခွန်ထမ်းများနှင့် မျှော်လင့်တကြီး မဲပေးခဲ့ကြသော နင်းပြားပြည်သူများ စိတ်ဒဏ်ရာမရစေရန် အခွန်အကောက်ဥပဒေကြမ်းမှ ပုဒ်မများကို ပယ်ဖျက်ကာ နောင်အခါမှ ဥပဒေကြမ်းတစ်ခုအဖြစ် တင်သွင်းသင့်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 9 March 2018

မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ခရိုနီကြီးများ၏ ညည်းတွားမှုကြောင့် အခွန်ရှောင်ဆုကြေး အလောတကြီးပေးသနားမည့် အစီအစဉ်အပေါ် တာဝန်ကျေအခွန်ထမ်းများနှင့် မျှော်လင့်တကြီး မဲပေးခဲ့ကြသော နင်းပြားပြည်သူများ စိတ်ဒဏ်ရာမရစေရန် အခွန်ကောက်ဥပဒေကြမ်းမှ ပုဒ်မများကို ပယ်ဖျက်ကာ နောင်အခါမှ ဥပဒေကြမ်းတစ်ခုအဖြစ် တင်သွင်းသင့်ကြောင်း NLD ပါတီဝင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။

နေပြည်တော်၌ မတ် ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးက ဆွေးနွေးခဲ့သည်။ ယခင်အစိုးရလက်ထက်က အချိန်နှင့် မဟုတ်ဘဲ ငွေပမာဏဖြင့် ယခုကဲ့သို့ အခွန်အကောက်ဥပဒေနှင့်ရောကာ လုပ်ဆောင်ခဲ့သည့် အကျိုးဆက်သည် ဥပဒေ မပြဋ္ဌာန်းမီ မတ်လတွင် ဒေါ်လာဈေး ၁၀၀၀ ဝန်းကျင်မှ ဥပဒေပြဋ္ဌာန်းပြီးနောက် မေလအလွန်တွင် ဒေါ်လာဈေး ၁၂၀၀ ကျော်ဖြစ်ခဲ့ပြီး စက်တင်ဘာမှ ယခု နှစ်နှစ်ကြာသည်အထိ ဒေါ်လာဈေးသည် ၁၃၀၀ မှ ပြန်မဆင်းတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။

“ဒီအတွက် ဘယ်သူ တာဝန်ယူ တာဝန်ခံခဲ့လဲ။ တာဝန်ယူဖို့ဝေးလို့ ကိုယ်လုပ်ထားတာ မဟုတ်တဲ့အတိုင်း မှိန်းနေကြပါတယ်။ ဒီလိုတာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အလေ့အထတွေကို ဒီဘက်ခေတ်မှာ အဆက်ဖြတ်ဖို့ လိုပါပြီ။ အခု ဒီလိုထပ်မဖြစ်စေချင်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချိန်ရဖို့ ဒီဟာကို နောက်ဆုတ်ဖို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဒီလောက်အရေးကြီးတာကို ပုဒ်မတစ်ခု စာကြောင်း ၁၀ ကြောင်းလောက်နဲ့ ဝန်ကြီးဌာနက လွှတ်တော်တင် ဥပဒေကြမ်းကော်မတီက အစည်းအဝေး ခြောက်ကြိမ်နဲ့ အခန်းတစ်ခု ဖြစ်အောင်ရေး ကိုယ်စားလှယ်တွေက တစ်ဦးကို ခြောက်မိနစ်နဲ့ ကမျောကသော ဆွေးနွေးအင်ဒိုနဲ့ဆို လမ်းကြိတ်စက်နဲ့ ပြိုင်ကားလို Speed က ကွာလှပါတယ်။ အခုဥပဒေက အဖြစ်သဘောသာရှိပြီး ဒါကို အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းကလည်း ကိုယ့်လောက်တောင် ကိုယ်မနိုင်တဲ့ လူဝေဖန်ခံနေရတဲ့ အဖွဲ့ဖြစ်တာကတစ်ကြောင်း၊ တကယ်လို့ ဆိုးကျိုးတွေ ကြီးကြီးမားမားဖြစ်လာခဲ့ရင် အတည်ပြုလိုက်တဲ့ ကိုယ့်လွှတ်တော်လည်း တာဝန်မကင်းတာမို့ ပြောဆိုနေရခြင်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊ ငွေမည်း၊ အဂတိ တရား၊ ပနားမားပေပါထဲက လျှို့ဝှက်အကောင့်၊ လက်ကြီးသမားတွေ၊ မကောင်းတာမှန်သမျှ ရွှေခါးပတ်၊ ငွေခါးပတ် ချန်ပီယံဆု တွေပဲချိတ်နေတဲ့ ဒီနိုင်ငံမှာ ခရိုကြီးတွေ၊ သူဌေးကြီးတွေရဲ့ ညည်းတွားသံကြောင့်ဒီလို အလောတကြီးနဲ့ အခွန်ရှောင် ဆုကြေးပေးသနားမယ့် အစီအစဉ်အပေါ် တာဝန်ကျေ အခွန်ထမ်းတွေ၊ ၂၀၁၅ မှာ မျှော်လင့်တကြီးနဲ့ မဲပေးခဲ့ကြတဲ့ နင်းပြားပြည်သူတွေကို စိတ်ဒဏ်ရာမရစေဖို့ ဒီလွှတ်တော်ကြီးက အသေအချာ တွေးဆပြီး လောလောဆယ်ဒီပုဒ်မတွေကို ပယ်ဖျက်ပြီး နောင်အခါမှ ဥပဒေကြမ်းတစ်ခုအဖြစ် လွှတ်တော်ထဲ တင်သွင်းနိုင်အောင် ကြိုးစားပေးကြပါ” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေ မူလဥပဒေကြမ်းက ပုဒ်မ ၂၅၊ ဥပဒေ ကြမ်းကော်မတီက အသစ်ဖြည့်စွက်လိုက်သည့် အခန်း (၈) မှ ပုဒ်မအားလုံးကို ယခုဥပဒေမှ ယာယီဖြုတ်ထုတ်ကာ နောက်ဆုတ်ပြီး သီးခြားဥပဒေကြမ်းအဖြစ် လွှတ်တော်ကို ပြန်လည်တင်သွင်းသင့်ကြောင်း  ၎င်းက ပြောကြားသည်။

“ဒီပရိုဂရမ်ရဲ့ အဓိကကရည်ရွယ်ချက်က အခွန်ရှောင်သူတွေဆီက အခွန်ရအောင် အမြန်ကောက်မှာဖြစ်လို့ သူတို့စဉ်းစားတွေ ဝေချိန်မရအောင် အချိန်တိုတိုထားမယ်။ စီးပွားရေးသမားတွေဖြစ်လို့ အခွန်နှုန်းလျှော့ထားတဲ့ မက်လုံးပေးမယ်။ ဒီမုန့်ကို မယူရင်နောက်မှာ တုတ်ပဲရမယ်ဆိုတဲ့သဘောနဲ့ နောက်ကျရင်ချမှတ်မယ့် အပြစ်ဒဏ်တွေ ကြေညာမယ်။ ဒါအနှစ်ချုပ်သဘောပါပဲ။  တိုင်းပြည်ဘယ်လိုတိုးတက်မယ် ဘာညာဆိုတာ အပြောသာရှိတာပါ။ တစ်ခဏတာ အခွန်ရလိုက်ပေမဲ့ ရေရှည်မှာတော့ ဒီလိုအခွင့်အရေး နောက်တစ်ခါလာဦးမလားလို့ မျှော်တဲ့အခွန်ရှောင်သူတွေ များမလာအောင် အကြိတ်အနယ် ထိန်းနေကြရတာပါ။ ဘယ်လိုဖြစ်လို့ ဒီလောက် Impact များတဲ့ ပရိုဂရမ် တစ်ခုကို အတိအကျနဲ့ အတည်ပြုရတဲ့ အခွန်အကောက်ဥပဒေနဲ့ ရောပြီးတင်တာလဲလို့။ ဒီတစ်ခုတည်းကိုက အင်မတန် ဆွေးနွေးရမယ့် ကိစ္စပါ။ ဒီလို ရောပြီးတင်တော့ အခွန်အကောက်ဘက်လည်း မလှည့်နိုင်၊ ဒီအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်တော့ပါဘူး။ စိတ်ထဲတောင် တစ်မျိုးခံစားရပါတယ်” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများ ပြည်ပမှ ဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးရလမ်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သည့် ဝင်ငွေများ၊ မြေ၊ အိမ်၊ ရွှေ၊ စိန် စသည့် ပစ္စည်းများ၊ အခွန်စည်းကြပ်မှုမှ ကင်းလွတ်သည့်ပစ္စည်းများကို သတ်မှတ်ထားသည့်ပုံစံဖြင့် သတ်မှတ်ထားသည့်ကာလအတွင်း ပေးဆောင်ပါက သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းပေးဆောင်ရုံဖြင့် တရားဝင်ဖြစ်သည့် ပုဒ်မ ၂၅ ကို ကန့်ကွက်ကြောင်း NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဆွေးနွေးသည်။

“ဒီပုဒ်မကို ရေးဆွဲသူတွေက ဘယ် Idea နဲ့ ရေးဆွဲတယ်တော့ ကျွန်တော်မသိဘူး။ သို့ပေမဲ့ ဒီဟာသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ဆိုးကျိုးတွေအများကြီး ဖြစ်မယ်။ အစိုးရအနေနဲ့ နိုင်ငံတော်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ရန်ပုံငွေတွေ၊ ဘဏ္ဍာငွေတွေ အများကြီးလိုတယ်ဆိုတာ သဘောပေါက်ပါတယ်။ အဲဒီလို လိုတဲ့အတွက် ဘယ်သူတွေက လော်ဘီလုပ်ပြီးတော့ ပြဋ္ဌာန်းတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပြင်ပမှာလည်း တော်တော်ဂယက် ရိုက်နေပါတယ်။ မူလဥပဒေကြမ်းအတိုင်းသာ အတည်ပြုမယ်ဆိုရင်တော့ တိုင်းပြည်မှာ တော်တော်လေး ဒုက္ခရောက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေအများစုက ဘယ်လိုပဲပြောပြော တစ်ချိန်က လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ အနေအထားရှိတယ်။  အခုခပ်များများက လက်လှုပ်ရင်တောင် ပါးစပ်မလှုပ်နိုင်တဲ့ အနေအထားရှိတယ်။ အဲဒီလိုရှိ နေတဲ့အချိန်မှာ လူတစ်စုကြောင့်၊ လူနည်းနည်းလေးကြောင့်၊ ခရိုနီတစ်စုကြောင့်သူတို့ ဝင်ငွေတွေကို ငွေမည်းတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့အတွက် သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းရတာနဲ့ ဒါကို တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်မယ်ဆိုရင် တစ်ခေတ်တစ်ခါက ထီလက်မှတ်ဝယ်သလို ဖြစ်နေပါလိမ့်မယ်။ တစ်ချိန်တုန်းက ငွေမည်းရှိတဲ့သူတွေ တရားမဝင်ငွေရှိတဲ့သူတွေဟာ ထီလက်မှတ်လိုက် ဝယ်ကြပါတယ်။ ငါးသိန်းဆု၊ ၁၀ သိန်းဆု၊  သိန်း ၅၀ ဆု စသဖြင့် ထီလက်မှတ်ဝယ်ပြီး ထီလက်မှတ်ကိုပြပြီးတော့ အကုန်သုံးတယ်။ အဲဒီတော့ ဒီနေ့ ဒီဟာကို တရားဝင်ငွေ လုပ်လိုက်ရင် သူတို့မှာ ရှိတဲ့ငွေရဲ့ပမာဏ ဘယ်လောက်အပ်မယ်ဆိုတာလည်း ကျွန်တော်တို့မှာ ဥပဒေတွေလည်းမရှိဘူး။ စိစစ်မယ့်အဖွဲ့တွေလည်း မရှိဘူး” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဆက်လက်၍ ဦးရဲထွဋ်က အခွန်စည်းကြပ်မှုလုပ်ရာတွင် အန္တရာယ်များစွာရှိကြောင်း၊ ငွေမည်းများ၊ မူးယစ်ဆေးဝါးရောင်းချရသည့် ဝင်ငွေများ၊ ဘာသာရေးအစွန်းရောက်များ၏ ဝင်ငွေများ ဝင်ရောက်လာနိုင်ပြီး အိမ်နီးချင်းတိုင်းပြည်မှ ငွေမည်းများ အများအပြား ဝင်ရောက်လာနိုင်သောကြောင့် စီးပွားရေး ပြိုလဲသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က “အခွန်ရှောင်သူတွေအတွက် အဲဒီလို လျှော့ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံထဲကို ပြည်ပကနေ တိတ်တဆိတ်ဝင်လာမယ့် တရားမဝင် ဝင်ရောက်လာမယ့် ငွေတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဘာသာရေးအရ နောက်ကနေ ထောက်ပံ့နေတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို ထောက်ပံ့နေတဲ့ငွေတွေ ဝင်လာနိုင်တယ်။ အိမ်နီးချင်းစီးပွားရေး ဖွံ့ဖြိုးတဲ့နိုင်ငံက လုပ်ငန်းရှင်ကြီးတွေက ကျွန်တော်တို့နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဝယ်ယူတာတွေလည်း ဖြစ်နိုင်တဲ့အတွက် အသေအချာစဉ်းစားဖို့ လိုနေပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးစိုးသိန်းက သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း စသည့်ကန့်သတ်ချက်များ အနေဖြင့် ငွေကြေးပမာဏအနည်းအများ အပေါ်အခြေပြုပြီး အခွန်နှုန်းထား ခွဲခြားသတ်မှတ်ပေးနိုင်ပါက အခွန်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ အချို့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေနှင့် တိုင်းရင်းသား အမည်ခံကာ ပြည်ပနိုင်ငံများမှ ငွေမည်းများကို ငွေဖြူများအသွင်လုပ်ကိုင်နေခြင်း၊ ဆော်ဒီအာရေဗျမှ ငွေကြေးအကူအညီများဖြင့် လုပ်ငန်းရှင်အချို့ကို နောက်ကွယ်မှ ပံ့ပိုးခြင်းများရှိကြောင်း ပြောကြားသည်။

လှိုင်မြို့နယ်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက “အခန်း (၇) ပုဒ်မ ၂၅ မှာ ပြဋ္ဌာန်းထားတဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့်အကြောင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့၊ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေတွေကို အခွန်လွတ်ငြိမ်းချမ်းသာခွင့်၊ အခွန်သက်သာခွင့်ပေးရာမှာ အကျိုးအပြစ်၊ အကောင်းအဆိုးတွေများစွာ ရှိပါတယ်။ ကောင်းကျိုးကတော့ အခွန်တိုးလာမယ်။ နည်းမှန်လမ်းမှန် ဆောင်ရွက်နိုင်ရင် အခွန်အခြေခံကို ချဲ့ထွင်နိုင်မယ်။ ငွေကြေးစီးဆင်းမှု ပိုကောင်းလာမယ်။ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်း တိုးလာနိုင်တယ်။ ဆိုးကျိုးကတော့ အခွန်ယဉ်ကျေးမှု ပျက်သွားနိုင်ပါတယ်။ ဥပဒေနဲ့အညီ ဝင်ငွေခွန် ပုံမှန်ပေးဆောင်နေတဲ့ အခွန်ထမ်းကြီးများ၊ ဝန်ထမ်းများအပေါ် မျှတမှုမရှိဘဲ အခွန်တိမ်း ရှောင်သူတွေများစွာ မျက်နှာသာပေးသလို ဖြစ်သွားနိုင်ပါတယ်။ တည်ငြိမ်မှု ပျက်ပြားစေနိုင်ပါတယ်။ ဥပဒေလိုက်နာရေး၊ အခွန်ပေးဆောင်ရေး၊ အခွန်ပေးဆောင်သူများ အသိအမှတ်ပြုရေး၊ အခွန်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူရေး ဆောင်ရွက်နေချိန်မှာ အခွန်လျော့နည်းပေးဆောင်သူတွေကို အထူးနည်းပါးတဲ့နှုန်းနဲ့ ပေးဆောင်ခွင့်ပြုတာဟာ ဥပဒေလိုက်နာသူတွေနဲ့ ပုံမှန်ပေးဆောင်နေသူတွေကို စိတ်အားပျက်စေပြီး အခွန်လျော့နည်းပေးဆောင်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။ ဒီအပုဒ်လေးတစ်ပိုဒ် ပြဋ္ဌာန်းရုံနဲ့မလုံလောက်ပါဘူး။ သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ပူးပေါင်းပြီး သက်ဆိုင်ရာ လွှတ်တော်ကော်မတီ၊ ကော်မရှင်များ၊ ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းစီးပွားရေး အဖွဲ့အစည်းများ၊ ဆွေးနွေးခဲ့သည့်  ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်လည်ဆွေးနွေးညှိနှိုင်းကာ သဘောထားမှတ်ချက် အစီရင်ခံစာ ထပ်မံတင်သွင်းရန် ဆုံးဖြတ်ကြောင်း ပြောကြားသည်။