နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် Chief Executives Organization (CEO) မှ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် Chief Executives Organization (CEO) မှ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ
Published 21 February 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် CEO အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် (Photo: MOFA Myanmar)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် Chief Executives Organization (CEO) မှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် CEO အဖွဲ့ဥက္ကဋ္ဌ Mr. Boysie Bollinger က ကိုယ်စားလှယ်အဖွဲ့ကိုယ်စား မိတ်ဆက်စကားနှင့် လက်ခံတွေ့ဆုံမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုလမ်းစဉ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးနေသည်များနှင့် ပြည်ပမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အခြေအနေနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး၊ သတင်းမီဒီယာများ၊ မြန်မာနိုင်ငံ၏ အနာဂတ်မျှော်မှန်းချက် စသည်တို့နှင့်ပတ်သက်ပြီး မေးမြန်းသည့်မေးခွန်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင့်လင်းရင်းနှီးစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Chief Executives Organization (CEO) အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဖိလစ်ပိုင်နှင့် ကိုရီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နံှမှုကဏ္ဍ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ၊ အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် လုပ်ငန်းများဆောင်ရွက်နေသည့် CEO များနှင့် ၎င်းတို့၏ဇနီးများ လိုက်ပါလာကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေးသို့လည်း ခရီးလှည့်လည်သွားလာခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။