ကုန်စည်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားမဖော်ပြပါက နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု စားသုံးသူကာကွယ်ရေး  ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထား

ကုန်စည်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားမဖော်ပြပါက နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု စားသုံးသူကာကွယ်ရေး  ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထား
Published 5 December 2017

သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဈေးမြင်ကွင်းအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ် ဓာတ်ပုံ-ရှိုင်းလင်းအောင်

ကုန်စည်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားမဖော်ပြပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းကို အခန်း ၂၆ ခန်းဖြင့် ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်က ၎င်းဥပဒေကြမ်းကို လေ့လာနိုင်ရန် အတွက်လည်း ထုတ်ပြန်ထားသည်။

၎င်းဥပဒေကြမ်းကို စားသုံးသူ အခွင့်အရေးများ အပြည့်အ၀ ရရှိနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်ရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်ဘက်မှလည်း လိုက်နာဆောင်ရွက် လာနိုင်စေရန်၊ စားသုံးသူတို့ကို ဘေးအန္တရာယ် ကင်းရှင်းမှု မရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ရန်တို့ကို ရည်ရွယ်ကာ ရေးဆွဲထားခြင်းဖြစ်သည်။

ဥပဒေကြမ်း၏ အခန်း ၁၇ ပုဒ်မ ၃၆ တွင် စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက (က) ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ဝန်ဆောင်မှု ပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊ (ခ) ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရှိသူ၊ (ဂ) ပြည်ပမှ ကုန်စည်များ တင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ (ဃ) တစ်ဆင့်ပြန်လည်ရောင်းချ ဖြန့်ဖြူးသူတို့တွင် တာဝန်ရှိကြောင်း ရေးဆွဲထားသည်။

စားသုံးသူကာကွယ်ရေး ဥပဒေကြမ်း၏ အခန်း ၁၈ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းတွင် ပုဒ်မ ၄၂ ၌ စီးပွားရေး လုပ်ငန်းရှင်သည် ကုန်စည်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (က) ကုန်စည်၏ တံဆိပ်အမှတ်အသား၊  (ခ) ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ (ဂ) ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊ (ဃ) ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ (င) ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ (စ) ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ (ဆ) သက်ဆိုင်ရာ အစိုးရဌာနများမှ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို သိသာထင်ရှားစွာ ဖော်ပြရမည်ဟု ရေးဆွဲထားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၄၄ ၌ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ ၄၂ ၏ ပုဒ်မ ခွဲ (က) မှတစ်ပါး ကျန်ပုဒ်မခွဲများကို ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟု ထည့်သွင်းထားသည်။

ထို့အတူ ဥပဒေကြမ်း၏ အခန်း ၂၄ တားမြစ်ချက်များတွင် ပုဒ်မ ၇၀ ၌ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှု ပြုလုပ်ရာတွင် (က) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (ခ) အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (ဂ) အခြားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ်ဖော်ပြခြင်း၊ (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်ရမည့် သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှု မရှိဘဲ ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း၊ (င) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကို အစားထိုး ရောင်းချခြင်း၊ (စ) အရောင်းမြှင့်တင် ရောင်းချခြင်းမပြုမီ ဈေးနှုန်းများကို တိုးမြှင့်ခြင်း၊ (ဆ) အသုံးပြုလိုသော ကုန်စည်တစ်ခုကို ဝယ်ယူရာတွင် ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ စားသုံးသူ မလိုအပ်သော အခြားကုန်စည် တစ်ခုနှင့် တွဲဖက်ရောင်းချခြင်း အခြေအနေ တစ်ခုခုဖြင့် လိမ်လည်လှည့်ဖြားမှု မပြုရဟု ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

ဆက်လက်၍ ပုဒ်မ ၇၁ တွင် မည်သည့် စီးပွားရေး လုပ်ငန်းရှင်မျှ (က) ပုဒ်မ ၄၂ အရ ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ (ခ) ကြော်ငြာနှင့် အရောင်းမြှင့်တင်ခြင်းတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ (ဂ) သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်း မပြုရဟု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၇၂ တွင် မည်သည့် စီးပွားရေးလုပ်ငန်းရှင်မျှ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရာတွင် ပုဒ်မ ၄၄ ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်း မပြုရဟု ရေးဆွဲထားသည်။

စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း၏ အခန်း ၂၅ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် ပုဒ်မ ၇၈ ၌ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ ၇၁ နှင့်  ၇၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

ထို့အတူ ပုဒ်မ ၇၇ ၊ ပုဒ်မခွဲ (က) တွင် မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ ၇၀ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၅၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်၊ ပုဒ်မခွဲ (ခ) တွင် အဆိုပါ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူသည် ပုဒ်မ ၇၀ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၅၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။