ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုပြုပြင်ရန် ဆွေးနွေးနေသည့်အချက်များ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာချပြရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို

ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုပြုပြင်ရန် ဆွေးနွေးနေသည့်အချက်များ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာချပြရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို
Published 31 October 2017

အောက်တိုဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) တွင်ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက်အားပြုပြင်ရန် ဆွေးနွေးနေသည့် အချက်များကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာချပြရန်လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်) တွင် အောက်တိုဘာ ၃၀ ရက်က လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦးက ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ယခင်နှစ်နိုင်ငံ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် ပြင်သင့်သည့်အချက်ကိုပြင်ဆင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်နေသည့်အပေါ် ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအားသိရှိလိုကြောင်း မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“၁၉၉၃ သဘောတူညီချက် ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ဒီပေါ်မှာမူတည်ပြီးတော့ လိုအပ်တာတွေကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမယ်ဆိုတာ၊ ဘယ်လိုဟာတွေ ညှိနှိုင်းဆွေးနွေးမယ်ဆိုတာ ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ ဘယ်အချက်တွေကို အတိုးအလျှော့လုပ်မှာလဲ။ ဘယ်အချက်တွေ အသစ်ထပ်တိုးလာမှာလဲ။ ဘယ်အချက်တွေကို ဖြုတ်ချလိုက်မှာလဲ။ ဒီဥစ္စာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သဘောတူညီချက် ၁၀ ချက်ဆိုပြီးတော့ ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ အပိုဒ် ၇ နဲ့ အပိုဒ် ၈။ ဒီနှစ်ခုက ဆက်စပ်မှုရှိတယ်။ ခင်ဗျားမေးတဲ့မေးခွန်းက အဲဒီထဲမှာပါပါတယ်။ အဲဒီတော့ ဒီဟာမှာ ပထမစထွက်ထွက်ချင်းမှာတော့ မြန်မာနိုင်ငံသားများဆိုပြီးတော့ ဖော်ပြထားတာရှိတယ်။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ နောက်ပြီးခဲ့တဲ့ ၂၇ ရက်လား ၂၈ ရက်လားမသိဘူး။ သတင်းစာမှာ အမှားပြင်ဆင်ချက်ဆိုပြီး မြန်မာနိုင်ငံဘက်မှ သူများဆိုပြီးတော့ပြောတယ်။ ဒီဟာတွေဟာ အထူးသတိပြုရမယ့် အချက်တွေဖြစ်တယ်။ ဒီလိုထုတ်ပြန်ကြေညာတဲ့အထဲမှာတောင် အသုံးအနှုန်းလေးတွေ လွဲမှားသွားတာရှိလို့ရှိရင် နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းတဲ့အခါမှာလည်းပဲ အရေးကြီးတဲ့အချက်အလက်တွေ၊ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ထိခိုက်စေမယ့် အချက်အလက်တွေကိုတော့ အထူးသတိထားဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သီးခြားဝေဖန်စရာလည်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆွေးနွေးနေတဲ့အချက်က ဘာတွေဆွေးနွေးမယ်ဆိုတာလည်း မသိရသေးဘူး။ ဒီလိုဆွေးနွေးနေတဲ့ အချက်တွေနဲ့ပတ်သက်ရင်တော့ ပြည်သူလူထုတစ်ရပ်လုံးကို ပွင့်လင်းမြင်သာစွာနဲ့ ချပြဖို့လိုမယ်လို့ ထင်ပါတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

၁၉၉၃ ခုနှစ် သဘောတူညီချက်အရ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသော ပြုပြင်ရန်အဆိုပြုချက်များမှ ပြန်လည်ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အောက်တိုဘာ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားထားခြင်းဖြစ်သည်။

“ပြန်လည်လက်ခံတယ်ဆိုတဲ့နေရာမှာ ဘယ်လိုအချက်အလက်တွေနဲ့ လက်ခံမှာလဲ၊ ဘယ်လိုညှိနှိုင်းချက်တွေကို ဆောင်ရွက်မှာလဲ။ ဒါတွေကိုလည်း တိတိကျကျ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ချပြဖို့လိုပါတယ်။ လက်ခံပြီးတဲ့နေရာမှာ နေရာပြန်လည်ချထားမယ်။ နေရာချထားမယ်ဆိုရင် ဘယ်လိုနေရာမှာ ချထားမှာလဲ။ ဘယ်လိုပုံစံနဲ့ နေရာချထားမှာလဲ။ ၁၉၈၂ နိုင်ငံသားဥပဒေအရ စိစစ်လိုက်ပြီ။ စိစစ်ပြီးပြီဆိုရင် နိုင်ငံသားဖြစ်တဲ့သူကို ဘယ်လိုထားမှာလဲ။ စိစစ်ပြီးတော့မှ နိုင်ငံသားမဖြစ်သေးတဲ့သူတွေကို ဘယ်လိုနေရာချထားမှာလဲ။ အဲဒီနေရာချထားတဲ့နေရာမှာရော ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို ဘယ်လိုနားထောင်မှာလဲ၊ ဘယ်လိုယူမှာလဲ။ ဒါတွေ အသေးစိတ်ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေ အများကြီးရှိပါတယ်။ အဲဒီတော့ လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ပါတီက အနီးကပ်စောင့်ကြည့်ပြီးတော့မှ လိုအပ်တာတွေကို အကြံပြုပေးပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်တာတွေကိုလည်း တောက်လျှောက်ပြောပေးနေမှာဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နေပြည်တော်၌ အောက်တိုဘာ ၂၄ ရက်က နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Mr.Asaduzzaman Khan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် နှစ်နိုင်ငံပြည်ထဲရေး ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့သည်။

အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကိုလည်း နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။

Most Read

Most Recent