စဉ့်ကိုင်မြို့နယ်တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဝေဖန်မှုများ ပျံ့နှံ့လျက်ရှိပြီး ရဟန်းသာမဏေများနှင့် လူပုဂ္ဂိုလ်များ အတူယှဉ်တွဲ ထိုင်ခြင်းပင် မပြုလုပ်သင့်ကြောင်း မန္တလေးမြို့ခံ ဆရာတော်များ မိန့်ကြား

စဉ့်ကိုင်မြို့နယ်တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဝေဖန်မှုများ ပျံ့နှံ့လျက်ရှိပြီး ရဟန်းသာမဏေများနှင့် လူပုဂ္ဂိုလ်များ အတူယှဉ်တွဲ ထိုင်ခြင်းပင် မပြုလုပ်သင့်ကြောင်း မန္တလေးမြို့ခံ ဆရာတော်များ မိန့်ကြား
Published 26 October 2017

စဉ့်ကိုင်မြို့တွင် ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဝဲ)၊ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် စဉ့်ကိုင်မြို့တွင် ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ မြင်ကွင်း (ယာ)

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်က စဉ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားမှ ဓာတ်ပုံအချို့အပေါ် လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး အဆိုပါ အခမ်းအနား၌ ထိုင်ခုံဖြင့် နေရာချထားပေးသည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် လူပုဂ္ဂိုလ်များအောက်တွင် ရှင်သာမဏေ (ကိုရင်ငယ်) များကို နေရာချထားစေမှုမှာ မဖြစ်သင့်ကြောင်း မန္တလေးမြို့ခံ ဆရာတော်များက မိန့်ကြားသည်။

ထိုသို့ပျံ့နှံ့ထွက်ပေါ်မှုအပေါ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာဏာဘိဝံသက “ဒါကတော့ သူတို့က ဘာသာခြား ဖြစ်တာကြောင့် သူတို့ကိုတော့ ပြောလို့မဖြစ်ဘူး။ တကယ်တမ်း ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့သူဆို တစ်ပြေးတည်း မထိုင်ရဘူးပေါ့။ ရဟန်းက အထက်က၊ ရဟန်းအောက်က သာမဏေ၊ သာမဏေအောက်ကမှ လူထိုင်ရတယ်။ အနာဂါမ်လူတောင်မှ ယနေ့ဖြစ်စ သာမဏေလေးကို ထိခြင်းငါးပါးနဲ့ ရှိခိုးရတယ်။ လူအနာဂါမ်ဆိုတာ အမြင့်ဆုံး။ လူ့ဘ၀ အမြင့်ဆုံးဆိုတဲ့ အနာဂါမ် ပုဂ္ဂိုလ်သည်ပင် ဒီနေ့ဖြစ်စ ဘာမှမတတ်တဲ့ ကိုရင်လေးကိုတောင် ပြားပြားဝပ် ရှိခိုးရတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်တွေဟာ ရှင်ရဟန်းကိုရင်ကအစ ရဟန်းများနဲ့ အတူတူထိုင်၊ အတူတူလုပ်၊ မသင့်တာတော့ သေချာတယ်လို့မှတ်ကြ” ဟု ထောက်ပြမိန့်ကြားသည်။

“စဉ့်ကိုင်မြို့နယ် ဆုတောင်းပွဲကိစ္စက Facebook မှာ ပြန့်နေပြီး ဒါကိုကျွန်တော်တို့ NLD ပါတီအနေနဲ့ နက်နက်နဲနဲ ရှင်းပြနေစရာတောင် မလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပါတီအနေနဲ့ ရိုးသားမှုရှိခဲ့တယ်။ ကိုရင်လေးတွေ ရောက်လာတဲ့ အချိန်က ၅ နာရီ ၁၀ မိနစ်အချိန်မှာ ဖြစ်တယ်။ ပြန့်နေတဲ့ပုံတွေက ၅ နာရီခွဲ ပတ်ချာလည်က ပုံတွေဖြစ်နေတယ်။ အခမ်းအနား စတင်တာက ၆ နာရီ ၁၅ လောက်ဖြစ်ပြီး အခမ်းအနား စီစဉ်သူတွေ အနေနဲ့က ဘာသာပေါင်းစုံ ဆုတောင်းပွဲမှာ ဘာသာကြီး သုံးခုကို ဖိတ်ပင့်ထားတယ်။ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာပေါ့။ အဲဒီတော့ ဒီဘာသာကြီးသုံးခုရဲ့ ဘာသာရေး ခေါင်းဆောင်တွေ အတွက်ကိုပဲ ထိုင်ခုံတွေ စီစဉ်ထားဖို့ ရှိပါတယ်။သို့သော်လည်း မနေ့က ဖြစ်စဉ်မှာ ကျွန်တော်တို့ ပင့်လျှောက်ထားတဲ့ ဆရာတော်ကြီးက မလာနိုင်သေးတဲ့ အချိန်မှာ ဆရာတော်ကြီးရဲ့ကျောင်းက ကိုရင်လေး အပါး ၃၀ လောက်ကို အရင်လွှတ်လိုက်ပါတယ်။ ကိုရင်လေးတွေ ရောက်လာတော့ ကျွန်တော်တို့မှာ ဒီကိုရင်လေးတွေထိုင်ဖို့ နေရာအခက်အခဲ ရှိသွားလို့ ပွဲစီစဉ်သူတွေက ပါတီရုံးကို သွားပြီးတော့ ထိုင်ခုံတွေ သယ်တဲ့အချိန်မှာ ကိုရင်လေးတွေက ကလေးသဘာ၀ ဗမာစကားလည်း နားမလည်တော့ ထိုင်လျက်သား ဖြစ်သွားတယ်။ ဒီအခြေအနေမှာ မသမာတဲ့ သူတွေက ကျွန်တော်တို့ပါတီကို အကွက်ချောင်း ထိုးနှက်လိုက်တာလည်း ဖြစ်တယ်။ ပုံရိပ်ကျဆင်းအောင် လုပ်တယ်လို့ပဲ မြင်တယ်။ ဒီအခြေအနေတွေ အပေါ်မှာ ဖြစ်စဉ်အမှန်လေးတွေနဲ့ အများသိအောင်လို့ ရှင်းပြမှာပါ” ဟု စဉ့်ကိုင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ရှင်းလင်းပြောကြားသည်။

“လူပုဂ္ဂိုလ်တွေအောက်မှာ ကိုရင်တွေကို အောက်ကထား သူတို့က အပေါ်ကနေတာက အမြင်လည်း မသင့်တော်ဘူး။ ဦးဇင်းတို့ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်မယ်ဆိုရင် အတော်ရုပ်ဆိုးတယ်ကွ။ ဗုဒ္ဓဘာသာကို ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သိက္ခာကို ထိခိုက်စေတယ်။ အဲဒါတင်မကဘူး ဦးဇင်းတို့ သာသနာမှာ ရဟန်းသံဃာတော်တွေကိုလည်း အထင်အမြင်သေးတယ်။ သာသနာကို ယုတ်လျော့စေတတ်တဲ့ လက္ခဏာတွေပေါ့။ သူတို့ကတော့ ကမ္ဘာကို ချပြချင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။ တို့မြန်မာပြည်က ဗုဒ္ဓဘာသာ သာသနာ ကိုးကွယ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ ရာခိုင်နှုန်းပြည့်လောက် ရှိတာကိုး။ အခုဟာက အောက်ကနေ ထိုင်ခိုင်းတာဆိုတော့ လုံး၀ လုံးဝကို အမြင်လဲ မတော်ဘူး။ သင့်လဲမသင့်တော်ဘူး။ သာသနာတော် အတွက်လည်း အရုပ်ဆိုးတဲ့ လက္ခဏာပဲ။ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ စိတ်ဆင်းရဲကြမှာပဲ။ ဦးဇင်းတို့လဲ စိတ်ဆင်းရဲ ဖြစ်ရတယ်။ ကိုရင်လေးကစပြီး သရဏဂုံနဲ့ ၁၀ ပါးသီလမြဲပြီး သိက္ခာကျင့်ဝတ်ထိန်းပြီး နေတာဆိုတော့ ဒီပုဂ္ဂိုလ်ကြီးတွေနဲ့ တန်းတူမထားနဲ့ အောက်က ထားတာကိုက တော်တော်ကို အဆင့်အတန်းက နိမ့်နေပြီ” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒက မိန့်ကြားသည်။

Facebook လူမှုကွန်ရက် စာမျက်နှာများ တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံများ၌ ပါဝင်သော ရှင်သာမဏေများမှာ စဉ့်ကိုင်မြို့နယ် မြောက်ကျောက်မိုင်းကျေးရွာရှိ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ရှင်သာမဏေ (ကိုရင်) အပါး ၁၀၀ နှင့် သီလရှင် ၃၄ ပါးတို့ဖြစ်ကြောင်း သိရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ငြိမ်းချမ်းရေးဆုတောင်းပွဲ လုပ်မယ်ဆိုပြီး ဦးဇင်းကို ဖိတ်ကြားထားပြီး ဦးဇင်းကျောင်းမှာလည်း မိဘမဲ့ စစ်ဘေးရှောင် ကလေးတွေ ရှိတဲ့အတွက် တက်ရောက်ပါမယ်လို့ ပြောထားလိုက်တယ်။ မနေ့က ဖြစ်စဉ်မှာတော့ ဦးဇင်းက ခြေထောက်နာနေတဲ့အတွက် ကလေးတွေကိုပဲ အရင်လွှတ်လိုက်တယ်။ ဒကာတွေကလည်း နေရာခင်းကျင်းထားပြီး ပြီဆိုလို့ ဦးဇင်းလည်း လွှတ်လိုက်တယ်။ ဒါပေမဲ့ သူတို့က နေရာထိုင်ခင်း ခင်းကျင်းနေဆဲမှာ ရောက်သွားတော့ မတ်တတ်ကြီး ဖြစ်နေတဲ့အတွက် အောက်မှာထိုင်ပြီး သီတင်းသုံးပါဦးလို့ နေရာပေးလိုက်တဲ့ အချိန်မှာ အခုလို မမျှော်လင့်တာတွေ ဖြစ်သွားတာပါ။ နောက်ပိုင်း ကလေးတွေချည်း စိတ်မချလို့ နောက်က လိုက်သွားတဲ့အချိန်မှာ ဆုတောင်းပွဲကစပြီး မီးလည်း ထွန်းပြီးသွားပါပြီ။ ဦးဇင်းရောက်တဲ့ အချိန်မှာ ကိုရင်လေးတွေက ထိုင်ခုံနဲ့ ထိုင်နေပါပြီ။ အခုလို အောက်မှာ ထိုင်ခဲ့ရတယ်ဆိုတာ မသိလိုက်ပါဘူး။ ကျောင်းပြန်ရောက်တော့မှ အဲဒီအဖြစ်အပျက်ကို သိရတာပါ။ ဒီကိုရင်လေးတွေက တိုင်းရင်းသား စစ်ဘေးရှောင် မိဘမဲ့တွေဖြစ်တဲ့ အတွက်ရယ်၊ လူတွေရဲ့အကြောင်းကို သိစေချင်တာရယ်၊ သူတို့ပြည်နယ်တွေလည်း ငြိမ်းချမ်းပါစေဆိုတဲ့ အနေနဲ့ ဦးဇင်းက သွားပြီးဆုတောင်းခိုင်းခြင်း ဖြစ်ပါတယ်” ဟု ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သည့် အဆိုပါ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဦးအာလောကက မိန့်ကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စဉ့်ကိုင်မြို့ခံ အထက်တန်းရှေ့နေ ဦးဌေးကျော်က “ဒီပွဲကို သွားခဲ့ပြီး အမြင်မတော်တာတွေ ရှိခဲ့လို့ ပြန်လာတယ်။ ကျွန်တော်တို့ လက်မခံနိုင်တဲ့ အနေအထားကတော့ ကျွန်တော်တို့ ဝတ်ပြုနေတဲ့ သံဃာတော်တွေနဲ့ တခြားဘာသာဝင်တွေနဲ့ တန်းတူယှဉ်ပြီး ရှိနေတာကိုက လက်မခံနိုင်တဲ့ ကိစ္စပေါ့။ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် လိုအပ်တယ်ဆိုလို့ နားလည်ခွင့်လွှတ်ထားတဲ့ အနေအထားတော့ ရှိပါတယ်။ ကိုရင်လေးတွေက အခမ်းအနား မစခင်မှာတော့ အောက်မှာပဲ ထိုင်နေကြတယ်။ အဲဒီလို ထိုင်နေရတဲ့ အချိန်မှာ စဉ့်ကိုင်က တိုက်ကျောင်းဆရာတော် ကြွလာပြီး လက်ညှိုးထိုးပြီး အမြင်မတော်ဘူး ပြောတော့မှ ထိုင်ခုံတွေ ရှိတယ်ဆိုပြီး စီစဉ်ပေးတာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းပြောရရင် မဖြစ်သင့်ဘူးပေါ့။ အားလုံးက ဘာသာရေးနဲ့ဖွ၊ လူမျိုးရေးနဲ့ဖွ ဆိုပြီး ဒါမျိုးဖြစ်တယ်ဆိုတော့ မလိုလားအပ်တဲ့ ဖြစ်ရပ်ပေါ့။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တောင်းပန်မယ်လို့တော့ ကြေညာထားတယ်။ ဒါပေမဲ့ အချိန်နဲ့ တစ်ပြေးညီ တောင်းပန်ပေါ့” ဟု ပြောကြားသည်။

ယင်းသို့ နေရာချထားမှုမှာ အခမ်းအနား မစတင်မီ လစ်ဟာသွားခဲ့မှုဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ဖြေရှင်းမှုတချို့ ရှိခဲ့သော်လည်း ယင်းဓာတ်ပုံများကို မြင်တွေ့ရသူ အများစုမှာ စိတ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ကြပြီး အဆိုပါ ပွဲစီစဉ်ကျင်းပသည့် စဉ့်ကိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ကြကာ ပွဲစီစဉ်သူအား တရားစွဲဆိုသင့်ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရသည်။

Most Read

Most Recent