ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားအား ယခုနှစ်မိုးတွင်းကာလတွင် စတင်ရိုက်ကူးနိုင်ရန်ပြင်ဆင်မည်

ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားအား ယခုနှစ်မိုးတွင်းကာလတွင် စတင်ရိုက်ကူးနိုင်ရန်ပြင်ဆင်မည်
Published 7 May 2018

Photo Credit - Christina Kyi Facebook

ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ တတိယမြောက်ရုပ်ရှင်ဇာတ်ကားအား ယခုနှစ်မိုးတွင်းကာလတွင် စတင်ရိုက်ကူးနိုင်ရန်ပြင်ဆင်မည် ဖြစ်ကြောင်းသိရသည်။ ယင်းဇာတ်ကားအတွက် ရည်ရွယ်ထားသည့် ဇာတ်လမ်းနှစ်ခုခန့်ရှိပြီး ယင်းတို့အနက် ပိုမိုအဆင်ပြေသည့်ဇာတ်လမ်းအား ရိုက်ကူးမည်ဖြစ်ကာ Casting ရွေးချယ်ခေါ်ယူမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ခရစ်(စ်)ရဲ့တတိယမြောက် ဇာတ်ကားအတွက်က ဇာတ်လမ်းကတော့ နှစ်ခုလောက် အဆင်သင့်ရှိတယ်။ ဒါပေမယ့် pre production သေချာလုပ်ဖို့ပြင်ဆင်ထားတာပေါ့နော်။ အခုတော့ ပရိသတ်တွေကလည်း နောက်ထပ်အသစ်ဖန်တီးမှုကို ရိုက်စေချင်တဲ့အတွက် ရှိတဲ့ဇာတ်လမ်းနှစ်ခုထဲက ပိုသင့်တော်တာကို ရွေးပြီးရိုက်မယ်။ အဲဒီအတွက် လိုအပ်တဲ့ casting ခေါ်တာတွေလုပ်မယ်။ ကျန်တဲ့ pre production လုပ်တာတွေကိုလည်း အရင်ဇာတ်ကားတွေအတိုင်းပဲ သေချာလုပ်သွားမယ်။ အားလုံးပြီးသွားရင်တော့ မိုးတွင်းထဲမှာ နည်းနည်းလောက်စရိုက်ထားဖို့ စိတ်ကူးတယ်။ ပြီးမှဆက်ရိုက်မယ်ပေါ့။ သေချာတာကတော့ အရင်ဇာတ်ကားတွေအတိုင်းပဲ အပြည့်အ၀ စေတနာထားပြီး၊ အာရုံစိုက်ပြီး ကြိုးစားပါမယ်။ တစ်နှစ်လုံးမှ တစ်ကားလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေ မယ့်အရည်အသွေးတော့ကောင်းအောင် ရိုက်မယ်”ဟု ဒါရိုက်တာ ခရစ်(စ်)တီးနားခီက ဆိုသည်။

ဒါရိုက်တာခရစ်(စ်)တီးနားခီ သည် ပြည်ပနိုင်ငံသို့သွားရောက်ကာ ရုပ်ရှင်ဖန်တီးမှုများအား ကျောင်း၌ လေ့လာသင်ယူခဲ့ပြီးနောက် ပြည်တွင်းသို့ပြန်လည် ရောက်ရှိလာချိန်တွင် ပထမဆုံးရုပ် ရှင်ဇာတ်ကား

'မုဒြာရဲ့ခေါ်သံ' ကို ဖန်တီးခဲ့သည်။ ထို့နောက်ဒုတိယမြောက် ဇာတ်ကား 'ဥပါယ်တံမျဉ်' ကို ဆက်လက်ဖန်တီးခဲ့သူဖြစ်သည်။ 'ဥပါယ်တံမျဉ်' ဇာတ်ကားအား ဦးစွာပြသခွင့်ရခဲ့ရာတွင် ပရိသတ် အားပေးမှုများစွာရရှိပြီးနောက် 'မုဒြာရဲ့ ခေါ်သံ' ဇာတ်ကားကိုပါ ထပ်မံရုံတင် ပြသခွင့်ရရှိခဲ့သည်။ ယင်းဇာတ်ကား နှစ်ကားဖြင့်ပင် ပရိသတ်လက်ခံအားပေးသည့် အမျိုးသမီးဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး တတိယမြောက် ဇာတ်ကားရိုက်ကူးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင်ခရစ်(စ်)တီးနားခီ သည် ခင်ပွန်းဖြစ်သူသရုပ်ဆောင် ဇဏ်ခီကြော်ငြာရိုက်ကူးရာသို့ လိုက်ပါသွားလျက်ရှိသည်။