ဆင်းရဲသောနိုင်ငံများနှင့် ဒီမိုကရေစီ

ဆင်းရဲသောနိုင်ငံများနှင့် ဒီမိုကရေစီ
Published 22 August 2017

“ဆင်းရဲသောနိုင်ငံများ အနေဖြင့် ဒီမိုကရေစီနှင့် သင့်တော်ခြင်းမရှိ” ဟု ပြောတတ်ကြသည်။ ဆင်းရဲသော နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအား ရာစုနှစ်များချီလျက် ဆင်းရဲစေသည့် အမျိုးမျိုးသော အင်အားစုများကို ကျော်လွှားနိုင်ရန် သဘောထားတင်းမာပြီး အာဏာရှင်ဆန်သည့် ခေါင်းဆောင်များ လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ချမ်းသာသောနိုင်ငံအများစုသည် အဓိကအားဖြင့် ဒီမိုကရေစီနိုင်ငံများ ဖြစ်နေသောကြောင့် ဖော်ပြပါအဆိုကို ထောက်ခံအားပေးသကဲ့သို့ ဖြစ်နေသည်။ စီးပွားရေးစွမ်းဆောင်မှုအပေါ် ဒီမိုကရေစီ၏ သက်ရောက်မှုများကို ဖော်ပြရန် ခက်ခဲသော်လည်း ဒီမိုကရေစီစနစ်၌ ချမ်းသာသည့်နိုင်ငံများအတွက် သာမက ဆင်းရဲသည့် နိုင်ငံများအတွက်ပါ စီးပွားရေးဆိုင်ရာ အားသာချက်များ ရှိသည်။ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိသည့် နိုင်ငံရေးဆိုင်ရာ ရာထူးများအတွက် လွတ်လပ်ပွင့်လင်းစွာ ပြိုင်ဆိုင်ခွင့်မရှိသည့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်မရှိသည့် ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်းများနှင့် လွတ်လပ်ခွင့်များမရှိသည့် အစိုးရအဖွဲ့များရှိသည့် နိုင်ငံများနှင့် ဒီမိုကရေစီနိုင်ငံများကို နှိုင်းယှဉ်ကြည့်မှသာလျှင် စီးပွားရေးနှင့် ဘဝ၏ အခြားမျက်နှာစာများအပေါ် ဒီမိုကရေစီ၏ အမှန်တကယ် သက်ရောက်မှုများအား တွေ့ရှိရမည်ဖြစ်သည်။

သမိုင်းကို ပြန်ကြည့်လျှင် အာဏာရှင်ဆန်သော ခေါင်းဆောင်အချို့သည် ၎င်းတို့နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိရသော်လည်း ယင်းကို စည်းမျဉ်းတစ်ရပ်အဖြစ် မယူနိုင်ပေ။ ပီညိုချေးနှင့် ချန်ကေရှိတ်ကဲ့သို့သော အာဏာရှင်ခေါင်းဆောင်များသည် စီးပွားရေးကြီးထွားမှု လျင်မြန်အောင် ပြုလုပ်နိုင်ခဲ့သော်လည်း စတာလင်နှင့် အီဒီအာမင်တို့၏ စီးပွားရေးမူဝါဒများမှာမူ ကျရှုံးခဲ့သည်။ ထို့အတူ ဒီမိုကရေစီစနစ်ဟု ဆိုတိုင်းလည်း စီးပွားရေးကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သည် မဟုတ်ပေ။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ်၌ လွတ်လပ်ရေးရခဲ့ပြီးကတည်းက ထင်ရှားသည့် ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့သည်။ ယင်းကဲ့သို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဆိုရှယ်လစ် အစိုးရလက်အောက်တွင် ပထမနှစ်ပေါင်း ၄၀ ၌ စီးပွားရေးကြီးထွားမှု နှေးကွေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အိန္ဒိယသည် ဈေးကွက်နှင့် ပိုမိုအဆင်ပြေသော စီးပွားရေးမူဝါဒများဆီသို့ ပြောင်းလဲနိုင်ခဲ့သောကြောင့် စီးပွားရေး ကြီးထွားမှုနှုန်း မြန်ဆန်လာခဲ့သည်။

ပျမ်းမျှစီးပွားရေး ကြီးထွားမှုနှုန်းကိုကြည့်လျှင် ဒီမိုကရေစီနိုင်ငံများနှင့် အာဏာရှင်နိုင်ငံများအကြား ကြီးကြီးမားမား ကွာခြားမှု ရှိပုံမရသော်လည်း စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အပြောင်းအလဲမှာမူ အာဏာရှင်အစိုးရများ လက်အောက်၌ ပိုမိုခြားနားမှုရှိသည်။ တရုတ်နိုင်ငံသည် သန်းနှင့်ချီသော လယ်သမားများ အစာငတ်၍ သေသည်အထိ ကာလကြာရှည်စွာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ စီးပွားရေးကြီးထွားမှု သိသိသာသာ မြန်ဆန်၍လာသည်။ ကျူးဘားနှင့် အာဖရိက အာဏာရှင်နိုင်ငံများစွာတို့ အနေဖြင့် အထိုက်အလျောက် ဒီမိုကရေစီဆန်သော အင်စတီကျူးရှင်းများ ဖြစ်ပေါ်လာခြင်း မရှိပါက ကြောက်မက်ဖွယ် စီးပွားရေးမူဝါဒများ၏ဒဏ်ကို ခံနေရဦးမည်သာ ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့် ရှိသောကြောင့် စီးပွားရေးဒုက္ခများကို လူသိရှင်ကြား ဖော်ပြနိုင်ပြီး စီးပွားရေးကို ဒုက္ခဖြစ်စေသော မူဝါဒများအား ပြင်းထန်စွာ ဝေဖန်နိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံများ၌ စီးပွားရေးဒုက္ခများ ရေရှည်ဆက်လက် ဖြစ်ပေါ်နေရန် အခွင့်အလမ်းနည်းသည်။ ထို့အတူ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများ အနေဖြင့်လည်း ရေရှည်စီးပွားရေး အကျပ်အတည်းဆီ ဦးတည်နေသည့် မူဝါဒများကို ထိုးနှက်ဝေဖန်နိုင်ပြီး ရွေးကောက်ပွဲ၌ အနိုင်ရကာ ယင်းမူဝါဒများကို ပြင်ဆင်နိုင်သည့် နေရာသို့ပင် ရောက်ရှိသွားနိုင်သည်။

ထို့ကြောင့် ဒီမိုကရေစီဟု အမည်ခံထားသော အစိုးရအဖွဲ့များအနေဖြင့် စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်များကို အမှန်တကယ် မြှင့်တင်ပေးမည်ဆိုပါက “ဆင်းရဲသောနိုင်ငံများ အနေဖြင့် ဒီမိုကရေစီနှင့် သင့်တော်ခြင်းမရှိ” ဟူသည့်အဆို အကြီးအကျယ် မှားယွင်းနေသည်မှာ သိသာထင်ရှားလာမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent