နာဂစ်သင်ခန်းစာ

နာဂစ်သင်ခန်းစာ
Published 3 May 2018

ပြီးခဲ့သည့် ၁၀ နှစ်တာကာလက မြန်မာနိုင်ငံတွင် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်နှင့် ပြည်သူများ ရင်ဆိုင်ခဲ့ကြရသည်။ နာဂစ်ဟုအမည်ပေးခဲ့သော ဆိုက်ကလုန်းမုန်တိုင်းသည် မြန်မာပြည်သူလူထု၏ အသည်းနှလုံးများကို ခြေမွဖျက်ဆီးခဲ့ပြီး နိုင်ငံကို ဘေးဒုက္ခ အတိဖြင့် အမှောင်ဖုံးစေခဲ့သည်။ ၂၀၀၈ ခုနှစ် မေ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာနိုင်ငံကို ဝင်ရောက်မွှေနှောက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် သမိုင်းတွင် ကြီးမားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုဆိုလျှင် မြန်မာ့သမိုင်း၌ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည့် နာဂစ်မုန်တိုင်းသည် ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

နာဂစ်သည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အပေါ် ဒဏ်ရာများစွာ ဖြစ်ကျန်စေခဲ့သည်။ လူထုကို ဆိုးရွားသော သဘာဝဘေးအန္တရာယ်များ၏ ပြင်းထန်သော ဘေးဥပဒ်နှင့် ကြောက်စရာကောင်းသော အကျိုးသက်ရောက်မှုများကို သတိပြုမိစေသော၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အပေါ် အသိအမြင်ရှိစေခဲ့သော သင်ခန်းစာများကို နာဂစ်က ချန်ထားရစ်ခဲ့သည်။ နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီမြစ်၀ ကျွန်းပေါ်အပါအဝင် ဒေသအတော်များများတွင်  မျှော်မှန်းမထားခဲ့ဖူးသော သက်ရောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ မရေမတွက်နိုင်သော မိသားစုများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မယားတကွဲ သားတကွဲ မိတကွဲ ဖတကွဲဖြင့် ဘဝများစွာကို ဖျက်ဆီးခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁၃၈၀၀၀ ကျော် သေကျေပျက်စီးခဲ့ကြရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မခန့်မှန်းနိုင်အောင်ပင် များပြားခဲ့သည်။ နှစ်ရက်တာကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးအိမ်များ၊ လယ်ယာမြေများ၊ ဆားချက်ကွင်းများ၊ စက်လှေများ၊ ဘုရားကျောင်းကန် စေတီပုထိုးအမျိုးမျိုးနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ မရေမတွက်နိုင်အောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ခန့်မှန်းတွက်ချက်မှုများအရ နိုင်ငံအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အပြင် ကျပ် ၁၂ ထရီလီယံခန့် ဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုများမှာ လက်ခံနိုင်ရန်ခဲယဉ်းသော အခြေအနေဖြစ်သည့်အတွက် လူထုအနေဖြင့် များစွာယူကြုံးမရ ဖြစ်ကြရသည်။ နာဂစ်မုန်တိုင်းမဖြစ်ပေါ်မီ လေး၊ ငါး ရက်ခန့်ကပင် မုန်တိုင်း၏ အခြေအနေကို ကြိုတင်သိရှိခဲ့သော်လည်း ထိုစဉ်က အာဏာပိုင်အစိုးရ၏ လူထုအပေါ် ကြိုတင်သတိပေးမှု အားနည်းခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ လူထု၏ အသိအမြင်နှင့် ဗဟုသုတနည်းပါးခြင်းတို့ကြောင့် ထိခိုက်မှု ပိုမိုများပြားစေခဲ့သည်။ ယင်းကဲ့သို့သော ပျက်ကွက်မှုများကြောင့် ကမ္ဘာပေါ်တွင် ပျက်စီးဆုံးရှုံးမှုနှင့်လူသေဆုံးမှုဆိုးရွားသော ဘေးအန္တရာယ်ခံရမှုစာရင်းတွင် နာဂစ်သည် နံပါတ် ရှစ်ကြောက်စရာကောင်းသော ဘေးအန္တရာယ်ဆိုးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့ပြင် နာဂစ်ကြောင့် တစ်တိုင်းပြည်လုံး အဆိုးရွားဆုံးအခြေအနေ ရင်ဆိုင်နေရချိန်တွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတကာမှ အကူအညီများကို အချိန်နှင့်တစ်ပြေးညီ လက်ခံလုပ်ဆောင်ခြင်း မရှိသည့်အတွက် ထိုစဉ်က တာဝန်ရှိသော အာဏာပိုင်များမှာ သမိုင်းတရားခံများအဖြစ် သတ်မှတ်ခဲ့ကြရသည်။

ယခုဆိုလျှင် နာဂစ် ၁၀ နှစ်ပြည့်နှစ်ပတ်လည်နေ့များသို့ပင် ရောက်ရှိလာပြီဖြစ်သည်။ သို့သော်လည်း မြန်မာပြည်သူတို့၏ စိတ်ထဲတွင် နာဂစ်ကြောင့် ထိခိုက်ဆုံးရှုံး နစ်နာခဲ့ရမှုများကို မေ့ပျောက်နိုင်မည် မဟုတ်ပေ။ နာဂစ်က ပေးခဲ့သောသင်ခန်းစာကို ရယူကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သဘာဝဘေးနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး ကဏ္ဍများအပေါ်မည်ကဲ့သို့ စနစ်တကျ လုပ်ဆောင်မည်ဆိုသည့် အချက်တို့သည် အရေးကြီးသော အကြောင်းအရာများအဖြစ် သမိုင်းတွင် မှတ်မှတ်ထင်ထင် ရှိနေလိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent