မြန်မာတို့၏ နှစ်ဆန်းချိန်ခါ

မြန်မာတို့၏ နှစ်ဆန်းချိန်ခါ
Published 17 April 2018

ယခုနှစ် ဧပြီလတွင် လေးရက်တာ ကာလကြာခဲ့သည့် သြင်္ကန်ပွဲတော်ကား ပြီးဆုံးသွားခဲ့လေပြီ။ ပူပြင်းခြောက်သွေ့သည့် နွေဥတုနှောင်းပိုင်း အမှတ်သညာ သြင်္ကန်ပွဲတော် ပြီးဆုံးပြီးနောက် မြန်မာတို့၏ နှစ်ဆန်းချိန်ခါ ရောက်၍လာပြီဖြစ်သည်။ သြင်္ကန်ပြီးဆုံးပြီး နောက်တစ်ရက်သည် နှစ်ဆန်း ၁ ရက်နေ့ဟု ခေါ်ဆိုသော မြန်မာတို့၏ နှစ်သစ်ကူးပင် ဖြစ်သည်။ နှစ်ဆန်း ၁ ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည်။ ယင်းနေ့၌ ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်သည်။ မြန်မာပြက္ခဒိန်အရ မြန်မာနှစ်၏ ပထမဆုံးလမှာ တန်ခူးလဖြစ်သော်လည်း တန်ခူးလဆန်း ၁ ရက်နေ့သည် နှစ်ဆန်း ၁ ရက်နေ့ မဟုတ်ပေ။ သူရိယနေမင်းကြီး မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန်သည် တန်ခူးလအတွင်း ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကဆုန်လအတွင်းလည်း ကျရောက်နိုင်သည်။ ပြက္ခဒိန်အရ တန်ခူး၊ ကဆုန်လများသို့ ရောက်ရှိသော်လည်း နှစ်မကူးသေးဘဲ နှစ်ဆန်း ၁ ရက်နေ့တွင်မှ မြန်မာတို့၏ နှစ်သစ်စတင်ခြင်းဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် နှစ်ဆန်း ၁ ရက်နေ့ကို အလေးအမြတ်ပြုကြသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ်က နှစ်ဆန်း ၁ ရက်နေ့သည် သမိုင်းဝင်ဖြစ်ခဲ့သည်။ ယင်းနေ့တွင် မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာတင် အခမ်းအနားကို ကျင်းပခဲ့သောကြောင့် ဖြစ်သည်။

နှစ်ဆန်း ၁ ရက်နေ့သည် သက်ကြီးရွယ်ကြီးများအား သွားရောက်ကန်တော့ကြသည့်နေ့လည်းဖြစ်သည်။ ရေဖလားထဲ၌ တရော်နှင့် ကင်ပွန်းတို့ကိုထည့်ကာ သက်ကြီးရွယ်ကြီးများအား ခေါင်းလျှော်ပေးကြသည့် ချစ်စရာ အစဉ်အလာတစ်ရပ်လည်း ရှိသည်။ မြန်မာတို့သည် ‘ကံ၊ ကံ၏အကျိုး’ ကို ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင် အများစုဖြစ်ကြသည့်အတိုင်း ကံကောင်းစေရန်အတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းနှင့် မိမိတို့ အမှားများအတွက် (ရှိခဲ့ပါက) ပြေလျော့စေရန် လူကြီးမိဘများအား ဝန်ချကန်တော့ခြင်း အစရှိသည့် အမှုတို့ကိုလည်း ပြုကြသည်။ ငါးလွှတ်ပွဲများ ကျင်းပကြခြင်းသည်လည်း နှစ်ဆန်း ၁ ရက်နေ့၌ ပြုလုပ်သည့် အစဉ်အလာတစ်ရပ်ဖြစ်သည်။ ပူပြင်းလှသည့် နေရောင်အောက်၌ ခန်းခြောက်သွားကြသော မြစ်ချောင်းအင်းအိုင်တို့မှ ငါးများကို ကယ်ဆယ်ကာ မြေအိုးများ၌ထည့်လျက် ပို၍ကြီးမားကာ ရေများသည့် မြစ်ချောင်းအင်းအိုင်တို့ဆီသို့ သွားရောက်လွှတ်ပေးကြသည်။ ယင်းကဲ့သို့ ငါးလွှတ်ကြသည့်အခါ “နင့်အသက် တစ်ခါကယ်၊ ငါ့ အသက် ၁၀ ခါကယ်” ဟုလည်း ရေရွတ်ဆုတောင်းတတ်ကြသည်။ နှစ်ဆန်း ၁ ရက်နေ့တွင် ငါးလွှတ်ပွဲကိုသာမက အခြားတိရစ္ဆာန်များအား ဘေးမဲ့ပေးလှူပွဲများကိုလည်း မြို့ရွာအနှံ့တွင် ကျင်းပလေ့ရှိကြသည်။ သြင်္ကန်အခါတွင်းကာလသည် ဗုဒ္ဓဘာသာဝင်မြန်မာတို့ ရဟန်းခံရှင်ပြုပွဲများ ကျင်းပကြသည့် အချိန်အခါလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် မိဘများက မိမိတို့၏ သားသမီးများကို ရှင်ပြုပေးကာ သာသနာ့ဘောင်သို့ ယာယီသွတ်သွင်းပေးခွင့် မရမချင်း မိဘတာဝန်ဝတ္တရား မကျေဟု ယူဆထားကြသည်။ နှစ်ဆန်း ၁ ရက်နေ့တွင် မြန်မာနိုင်ငံ အနှံ့အပြား နေရာအသီးသီး၌ စတုဒိသာဟုခေါ်သော အစားအသောက်များကို အခမဲ့ လှူဒါန်းကျွေးမွေးမှုများကိုလည်း ပြုလုပ်ကြသည်။ နှစ်ဆန်း ၁ ရက်နေ့ ညနေတွင် လမ်းအသီးသီးတို့၌ မကောင်းသောကံကြမ္မာများ ပပျောက်စေရန် အလို့ငှာ ပရိတ်ရွတ် တရားနာပွဲများလည်း ကျင်းပလေ့ရှိကြသည်။

ထို့ကြောင့် မြန်မာတို့၏ အတာမင်္ဂလာ နှစ်ဦးအခါဖြစ်သော နှစ်ဆန်း ၁ ရက်နေ့တွင် ရတနာသုံးပါးနှင့် ဘိုးဘွားတို့အား ဝတ္တရားမပျက် အားထုတ်ဆောင်ရွက်ပေးကြသော သူတော်ကောင်းအပေါင်းတို့ ရောဂါဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းပပျောက်လျက် စီးပွားလာဘ်လာဘတို့လည်း တိုးတက်ကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဧပြီလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent