သမ္မတသစ်နှင့် မှန်ကန်သော အပြောင်းအလဲ

သမ္မတသစ်နှင့် မှန်ကန်သော အပြောင်းအလဲ
Published 29 March 2018

သမ္မတရာထူးမှ ဦးထင်ကျော် နုတ်ထွက်သွားခဲ့သည့်အတွက် လစ်လပ်သွားသော နိုင်ငံတော်၏ သမ္မတရာထူး တာဝန်ထမ်းဆောင်ရန် ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးဝင်းမြင့်က အနိုင်ရခဲ့ပြီး ၁၀ ဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။ ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်သွားသည့် အဓိကအကြောင်းအချက်မှာ ၎င်း၏ ကျန်းမာရေးကြောင့်ဖြစ်သည်ဟု အများက ယူဆထားသော်လည်း ဇနီးဖြစ်သူကမူ ဦးထင်ကျော် နုတ်ထွက်စာတင်ပြီးနောက် မီဒီယာများနှင့်တွေ့ဆုံစဉ် ကျန်းမာရေးနှင့်ပတ်သက်သည့် သတင်းများအပေါ် ပြည်သူများ စိတ်မပူရန်နှင့် ယင်းအတွက်ကြောင့် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမှန်စင်စစ်မူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သမ္မတဖြစ်ခွင့်မရှိသည့် အခြေအနေတွင် သမ္မတအဖြစ် တာဝန်ပေးအပ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် သမ္မတဟောင်းဦးထင်ကျော်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒီမိုကရေစီခရီးလမ်းတစ်လျှောက် နီးကပ်စွာရှိနေခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ကိုးစားမှုခံခဲ့ရသည့်အတွက် ယင်းကဲ့သို့ တာဝန်ပေးအပ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအရပ်သား သမ္မတဖြစ်ခဲ့သည့် ဦးထင်ကျော်မှာ ပညာတတ်တစ်ဦးဖြစ်ခြင်း၊ မျိုးရိုးဂုဏ်မြင့်ခြင်းတို့အပြင် ရိုးဂုဏ်ကြောင့် ၎င်းအပေါ် လူထုက လေးစားချစ်ခင်ခဲ့ကြသည်။ သို့သော်လည်း နှစ်နှစ်တာ သမ္မတသက်တမ်းအတွင်း တိုင်းပြည်အတွက် အပြောင်းအလဲများကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်မှု အားနည်းသည်ဟုဆိုကာ ဘဝင်မကျမှုများလည်း ရှိခဲ့သည်။ NLD အစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်း အများစု ယူဆသကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးစသည့်ကဏ္ဍများတွင် လျင်မြန်သော အပြောင်းအလဲနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် အားမလို အားမရ ဖြစ်ခဲ့ကြသည်။ စိတ်ပျက်အားလျော့မှုများလည်း ရှိခဲ့ကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်တို့ကို ရယူထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ရခိုင်အရေးအပေါ် အခြေခံပြီး နိုင်ငံတကာမှ ဖိအားမျိုးစုံနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေး အကျပ်အတည်းများအတွက် အပြောင်းအလဲများကို ရဲရဲဝံ့ဝံ့ လုပ်နိုင်မည့်သူ တစ်ဦးကို ဦးထင်ကျော် အနားယူပြီးနောက် အစားထိုးနိုင်ရန် မျှော်လင့်မှုများ ရှိလာခဲ့သည်။

ထိုသို့သော အခြေအနေတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် နိုင်ငံတော်သမ္မတဖြစ်လာခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအနေဖြင့် တိုင်းပြည်အတွက် လိုအပ်နေသည့် အပြောင်းအလဲများကို သမ္မတ အပြောင်းအလဲဖြင့် စတင်လိမ့်မည်ဟု မျှော်လင့်ချက်များ မြင့်တက်လာစေခဲ့သည်။ သမ္မတဦးဝင်းမြင့်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ်ကပင် လယ်ယာမြေ အငြင်းပွားမှုကိစ္စများနှင့် ပတ်သက်ပြီး လယ်ယာမြေ မတရားအသိမ်းခံရသူများဘက်မှ ရပ်တည်ပြောကြား ဆောင်ရွက်ခဲ့မှုများကြောင့် လူထု၏ထောက်ခံမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လေးစားမှုကို ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ၎င်းမှာ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ခဲ့သည့်အတွက် ဥပဒေရေးရာပိုင်းတွင် တတ်ကျွမ်းသူဖြစ်ကာ နိုင်ငံတွင် ဖြောင့်မတ်မျှတသော တရားစီရင်ရေး တစ်ရပ်ဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်လိမ့်မည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတွင် ဖြစ်ပေါ်နေသော အခက်အခဲ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရပေတော့မည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်တွင် စုပုံနေသော ဖိအားများကို သမ္မတသစ်အနေဖြင့် မည်သို့မည်ပုံ ခွဲဝေတာဝန်ယူကာ လိုအပ်နေသည့် အပြောင်းအလဲများအတွက် လုပ်ဆောင်နိုင်မည်နည်း။ NLD ပါတီ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတန်းပါ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အတွက် သမ္မတသစ် အနေဖြင့် မည်သို့ကိုင်တွယ် လုပ်ဆောင်မည်နည်း စသည့်မေးခွန်းများသည် နိုင်ငံတော်သမ္မတကို စောင့်ကြိုနေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စိန်ခေါ်မှုများ၊ ဖြေရှင်းရန် လိုအပ်နေသော ပြဿနာများအား သမ္မတသစ်အနေဖြင့် အကောင်းဆုံး ရင်ဆိုင်ကျော်လွှား၍ ပြည်သူ့အတွက် စစ်မှန်သော အပြောင်းအလဲများကို ဖော်ဆောင်နိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆန္ဒပြုရေးသားအပ်ပါသည်။

မတ်လ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent