ငြိမ်းချမ်းရေးနှင့် စိန်ခေါ်မှုများ

ငြိမ်းချမ်းရေးနှင့် စိန်ခေါ်မှုများ
Published 15 February 2018

ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်မြောက်မွေးနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့သည်။ ယင်း NCA လက်မှတ်ရေးထိုးပွဲတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ တက်ရောက်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည့်အတွက် NCA တွင် လက်မှတ်ထိုးသည့်အဖွဲ့ ၁၀ ဖွဲ့ရှိလာခဲ့ပြီဖြစ်သည်။ ယခင်အစိုးရလက်ထက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ DKBA၊ KNU/KNLA-PC စသည့် လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ NCA တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်း NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ လမ်းဆုံးမဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်၏အစ၊ နိုင်ငံရေးဆွေးနွေးပွဲများအစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်းများ၏အစ၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းတိုင်ပင်အဖြေရှာမည့် နိုင်ငံရေးဖြစ်စဉ်၏ အစပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ဖက်အဖွဲ့အစည်းများအကြား အပြန်အလှန် သဘောတူညီချက် (Bilateral Agreement) များရှိခဲ့သည်မှာ မှန်သော်လည်း ပြည်သူများအား သိစေချင်သည်မှာ အဆိုပါသဘောတူညီချက်များနှင့် ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားဖွယ်ရာများဖြစ်လာပါက မည်သို့ညှိနှိုင်းဖြေရှင်းမည်ဆိုသည်ကို ဖြေရှင်းရေးယန္တရားများမပါကြောင်း၊ NCA ဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းသွားအောင်၊ အငြင်းပွားမှုများပေါ်ပေါက်လာခဲ့ပါက တစ်ဖက်နှင့်တစ်ဖက် လက်နက်ကိုင်ဖြေရှင်းခဲ့သည့် အခြေအနေမှသည် စားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်အောင် စတင်လိုက်သည့် စတင်ခြင်းအသစ်ဖြစ်သည်ဟုလည်း ပြောကြားလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မွန်ပြည်သစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များသည် လက်နက်ချခိုင်းသည်ဆိုသည့် မှားယွင်းစွာမှတ်ယူကြမှုများ၊ သံသယစိတ်များ၊ မယုံကြည်စိတ်များ ဖြစ်ပေါ်နေကြသည်ကို တွေ့ မြင်နေရကြောင်းနှင့် NCA ကို လက်မှတ်ရေးထိုးခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် တပ်မတော်အပေါ် အလျှော့ပေးခြင်းမဟုတ်ဆိုသည့် အယူအဆရှိသူများ၊ ပုဂ္ဂိုလ်ရေးခံစားချက်ရှိသူအချို့လည်း တွေ့ရှိရကြောင်း၊ ထိုသို့သံသယစိတ်၊ မယုံကြည်စိတ်၊ စိုးရိမ်စိတ်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၏ အဖွဲ့ဝင်များအနေဖြင့်မရှိကြရန်နှင့် မထားကြရန်လည်းလိုကြောင်း ပြောကြားသည်။ NCA လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်သာဖြစ်၍ နှစ်ပေါင်း ၇၀ နီးပါး အဖြေရှာမရသေးသည့် နိုင်ငံရေးပြဿနာများကို တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စုပေါင်းတွေ့ဆုံဆွေးနွေး အဖြေရှာညှိနှိုင်းခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ်အစွဲအလမ်း ဖြတ်တောက်ပစ်နိုင်ရန် အကောင်းဆုံးအာမခံချက်ပေးနိုင်သည့် တစ်ခုတည်းသောအရာသည် NCA စာချုပ်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ်ဒဏ်ကို ခံစားနေကြရသည်။ နှစ်ပေါင်း ၇၀ ခန့်ကြာမြင့်ခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရန် စိန်ခေါ်မှုများစွာရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် စိန်ခေါ်မှုများတွင် တိုင်းပြည်ဆင်းရဲနိမ့်ကျမှုသည်လည်း အဓိကအကြောင်းတစ်ချက်အဖြစ် ပါဝင်နေသည်။ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်စီးပွားရေးမှာလည်း တစ်ခုနှင့်တစ်ခု တွဲလျက်တည်ရှိနေပြန်သည်။ တချို့က စီးပွားရေးတိုးတက်ဖြစ်ထွန်းလာစေရေးအတွက် ငြိမ်းချမ်းရေးကို အဓိကလုပ်ရမည်ဟုဆိုကြပြီး၊ တချို့ကလည်း စီးပွားရေးကို ဦးစွာတည့်မတ်အောင်လုပ်နိုင်ပါက လူနည်းစုနှင့် လူများစုအကြားရှိ ပဋိပက္ခများသည်လည်း ပြေလည်လာလိမ့်မည်ဟု သုံးသပ်ကြပြန်သည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်တိုးတက်စေရေးအတွက် ငြိမ်းချမ်းရေးသည် များစွာအရေးပါလျက်ရှိကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ (၁၅) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent