စာရွက်ပေါ်မှဟန်ပြများ မဖြစ်စေရေး

စာရွက်ပေါ်မှဟန်ပြများ မဖြစ်စေရေး
Published 22 October 2017

လူထုကိုဗဟိုပြု၍ ဆောင်ရွက်ကြရမည့် ဒီမိုကရေစီ နိုင်ငံရေးစနစ်တွင် မဖြစ်သင့်သည့် ကိစ္စရပ်အဖြစ် ထောက်ပြမေးမြန်းမှုတစ်ခုကို အောက်တိုဘာ ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြုလုပ်ခဲ့သည်။ “ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော သရုပ်ပြအဆင့်မှ လက်ထောက်ကထိက၊ ကထိကနှင့် ပါမောက္ခအဆင့် ရာထူးတိုးမြှင့်ပေးရာတွင် ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျမျှတစွာဆောင်ရွက်ရန် အစီအစဉ်ရှိမရှိနှင့် အမှန်တကယ် တာဝန်ထမ်းဆောင်ခြင်းမရှိ၊ ဌာနလည်းမရှိသော ပြည်နယ်ကျောင်းများတွင် အမည်ပြရာထူးတိုးပေးခြင်းအား နောင်ထပ်မဖြစ်အောင် တားမြစ်ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ” မေးမြန်းခဲ့ခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများ၏ အလုပ်ခွင်မျှော်လင့်ချက်၊ ဘဝတက်လမ်းများကို ရိုက်ချိုးသကဲ့သို့ မဖြစ်စေရန်နှင့် အမိမဲ့သားရေနည်းငါးကဲ့သို့ အားကိုးရာမဲ့ မဖြစ်စေရန်အတွက် တိကျမျှတသည့် ဌာနတွင်း မူဝါဒများနှင့်သာ ကျင့်သုံးနိုင်ရန်အတွက် ယင်းအဆိုကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပြောကြားထားသည်။

ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရမည့် မြန်မာနိုင်ငံအတွက် အရေးကြီးသော ကဏ္ဍများစွာရှိသည့်အနက် ပညာရေးကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တို့တွင် လုပ်ငန်းခွင် မျှော်လင့်ချက်ကင်းမဲ့မှု ခံစားနေရပြီး နိုင်ငံတော်တိုးတက်ရေး နှောင့်နှေးစေမည့် မူဝါဒများတိုက်ဖျက်ရန်အတွက် လုပ်ငန်းခွင်ရာထူးတိုး မညီမျှမှုများကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဖဲကြိုးပြာလှုပ်ရှားမှုလည်း ပေါ်ပေါက်ခဲ့ပါသည်။ ထို့ပြင် ပညာရေးလောကတွင် အကျင့်ပျက်ခြစားမှု၊ ကြိုးနီစနစ်များ ကျင့်သုံးနေခြင်း ရှိ မရှိနှင့် မှန်ကန်မှု ရှိ မရှိ လေ့လာသုံးသပ်ကာ ထိန်းကျောင်းသင့်ကြောင်းလည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပညာရေးမြှင့်တင်မှုကော်မတီ၏ အစီရင်ခံစာအား ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့ဖူးသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းကျောင်းအဆင့်များသည် သင်ကြားရေးထိရောက်မှု ရှိမရှိ၊ ဘဏ္ဍာရေးစနစ်ကျစွာ အသုံးပြုမှု ရှိ မရှိဆိုသည်ကို လာဘ်ပေးလာဘ်ယူမှုမလုပ်ဘဲ တိကျစွာစစ်ဆေးရန် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက အကြံပြုထားပါသည်။ သင်ရိုးညွှန်းတမ်းကော်မတီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ သင်ရိုးသစ်ရည်မှန်းချက်များ၊ ပေါက်ရောက်ပြည့်မီသည့် သင်ယူလေ့ကျင့်မှုရှိမရှိ ဆန်းစစ်အကဲဖြတ်၍ လိုအပ်သမျှ ပြန်လည်ဖြည့်ဆည်းခြင်း သုံးသပ်မှုကို နှစ်စဉ်ပြုလုပ်ရန်၊ အထက်တန်းသိပ္ပံတွဲများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးရုံဖြင့် အင်္ဂလိပ်စာတိုးတက်လာခြင်း မရှိကြောင်း၊ ယင်းသိပ္ပံဘာသာတွဲများအား အင်္ဂလိပ်သင်ကြားခြင်းကြောင့် ဘာသာရပ် သဘောတရားများ ခြုံငုံမှုသည် ပို၍ပင်အားနည်းသွားကြောင်း၊ မူလတန်းမှစ၍ အင်္ဂလိပ်စာသင်ခြင်းကြောင့်လည်း အင်္ဂလိပ်စာ တိုးတက်လာခြင်းမရှိ၊ ယခင်အလယ်တန်းမှ အင်္ဂလိပ်စာစတင်သင်သော ပညာရေးစနစ်ထက် ယခုပညာရေးက နိမ့်ကျနေခြင်းတို့ကြောင့် အင်္ဂလိပ်စာတိုးတက်စေရန် ယခင်ကဲ့သို့ သီးခြားကျယ်ကျယ်ပြန့်ပြန့် သင်ကြားရန်လိုကြောင်း ကော်မတီက အကြံပြုထားသည်။ သင်ယူမှုသင်ကြားမှု အရည်အသွေး တိုးတက်စေရန် ဆရာနှင့် ကျောင်းသားများ၏ တွေးခေါ်မြော်မြင်ဆင်ခြင်မှု ဗဟုသုတတိုးတက်ရန်အတွက် ကျောင်းတိုင်းတွင် ညွှန်ကြားချက်ဖြင့် စာကြည့်တိုက်များ မဖြစ်မနေထားရှိရန်၊ ပညာရေးတက္ကသိုလ်ဆင်း ကျောင်းသားများသည် ရှစ်လကြာသည့်တိုင် တာဝန်ပေးခန့်အပ်ခြင်း မရှိသေးသဖြင့် ယခင်ကဲ့သို့ နှစ်လအကြာတွင် တာဝန်ပေးအပ်နိုင်ရန်တို့ကိုလည်း ပညာရေးမြှင့်တင်မှုကော်မတီက အကြံပြုထားသည်။ မြို့ကျောင်းများတွင် ဆရာဦးရေ ပိုလျှံနေသည်ကိုစိစစ်၍ ဝေးလံခေါင်ဖျားဒေသများမှ ဆရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ကိုလည်း ထည့်သွင်းအကြံပြုထားသည်။

မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသော်လည်း ပိုမိုကောင်းမွန်သည့် အခြေအနေရလဒ်ကောင်းများ ဖန်တီးနိုင်ရန် လိုအပ်ချက်များရှိနေဆဲ ဖြစ်ပါသည်။ အဆင့်မြင့်ပညာရပ်များနှင့်အတူ အခြေခံပညာကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ သို့သော် တရားဝင်စာရင်းများအရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသားကျောင်းသူ ၉ ဒသမ ၁ သန်းအထိ တိုးလာသော်လည်း နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ကျောင်းထွက်နှုန်း မြင့်မားနေသည့် အနေအထားဖြစ်ပါသည်။ သို့ပါ၍ စာရွက်ပေါ်မှ ဟန်ပြများမဖြစ်စေဘဲ အမှန်တကယ် ထိရောက်မှန်ကန်သော ရလဒ်ကောင်းများအတွက် ကဏ္ဍအသီးသီး၊ သက်ဆိုင်ရာ အဆင့်ဆင့်အလိုက် အားလုံးပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ (၂၂) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent