စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် သေကြောင်းကြံစည်မှု

‘စိတ်ရောကိုယ်ပါ အထူးတက်ကြွနေခြင်း၊ ကရားရေလွှတ် စကားပြောနေခြင်း၊ စိတ်နေမြင့် ဘ၀မြင့်နေခြင်း၊ အသုံးအဖြုန်းများ၍ ဒေါသကြီး ကြမ်းတမ်းခြင်း’ စသည့် စရိုက် လက္ခဏာများကို စိတ်ကြွရောဂါလက္ခဏာများအဖြစ် သတ်မှတ်ထားသကဲ့သို့ ‘စိတ်ရော ကိုယ်ပါ ထိုင်းမှိုင်းနှေးကွေးနေခြင်း၊ အားမရှိခြင်း၊ နေ့စဉ်ရက်ဆက် အိပ်မပျော်ခြင်း၊ သန်းခေါင်ကျော်နိုး၍ ပြန်အိပ်မရခြင်း၊ စိတ်အားငယ်၍ ၀မ်းနည်းနေခြင်း၊ အစားအသောက်ပျက်၍ ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ရန် စိတ်ကူးများရှိနေခြင်း’ စသည်တို့ကိုလည်း စိတ်ကျရောဂါလက္ခာများအဖြစ် သတ်မှတ်ထားသည်။

စိတ်ရောဂါများအနက် စိတ်ကျရောဂါသည် အဖြစ်များလေ့ရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအရ စိတ်ကျဝေဒနာသည် အများအပြား တွေ့ရှိနိုင်ကြောင်း၊ ၂၀၁၆ ခုနှစ် စာရင်းများအရ လူ ၁၀ ဦးလျှင် တစ်ဦးနှုန်း စိတ်ကျဝေဒနာကို ခံစားနေရကြောင်း၊ အရေးပေါ် အခြေအနေနှင့် မချုပ်ငြိမ်းနိုင်သေးသော ပဋိပက္ခများ ဖြစ်ပွားရာနေရာများတွင် လူငါးဦးအနက် တစ်ဦးမှာ စိတ်ကျရောဂါနှင့် စိုးရိမ်ကြောင့်ကြမှုများကို ခံစားနေရပြီး ရောဂါခံစားနေရသူများ၏ ရာခိုင်နှုန်း အနည်းငယ်သာ ထိရောက်သည့် ကုသမှုများ ရရှိကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် စိတ်ကျရောဂါခံစားရသူပေါင်း သန်း ၃၀၀ ကျော်ရှိသည့်အနက် အရှေ့တောင်အာရှဒေသတွင် စိတ်ကျရောဂါခံစားနေရသူ သန်း ၉၀ နီးပါး ရှိနေပြီး နှစ်စဉ် လူရှစ်သိန်းခန့်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်လျက် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူမှုပတ်ဝန်းကျင် ပုံသဏ္ဌာန်များနှင့် စိတ်ခံစားမှုဆိုင်ရာ စံနှုန်းအမျိုးမျိုး၊ အထွေထွေ အဆင်မပြေမှု စသည့် အခြေအနေများတွင် ပညာရည်နိမ့်ပါးခြင်းနှင့် ဆင်ခြင်တုံတရား နည်းပါးခြင်းများကြောင့် ပေါ်ပေါက်လာသည့် ဆိုးကျိုးများ ရှိလာသည်။ လူမှုရေး၊ စီးပွားရေးပြဿနာနှင့် အရက်၊ မူးယစ်ဆေးစွဲခြင်း၊ နေရာဒေသအလိုက် ပေါ်ပေါက်နိုင်သော ယုံကြည်မှုဆိုင်ရာ အကြောင်းတရားများ စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းနှင့် မှုခင်းဖြစ်စဉ် ကျူးလွန်ခြင်းများလည်း ပေါ်ပေါက်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့်အတူ သေကြောင်းကြံစည်မှုများ ဖြစ်ပွားလျက်ရှိရာ ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းအတွင်း၌ပင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလကုန်အထိ ဆွဲကြိုးချသေဆုံးသူနှင့် အဆိပ်သောက်သေဆုံးသူ ၁၆၄ ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းစာရင်းအရ ဆွဲကြိုးချသေဆုံးမှုများမှာ ဇန်န၀ါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် ၁၄ မှု၊ မတ်တွင် ၁၆ မှု၊ ဧပြီတွင် ၁၄ မှု၊ မေတွင် ၁၄ မှု၊ ဇွန်တွင် ၁၅ မှု၊ ဇူလိုင်တွင် ၂၁ မှု၊ သြဂုတ်တွင် ၁၇ မှု၊ စက်တင်ဘာတွင် ၁၂ မှုတို့ဖြစ်ပြီး အဆိပ်သောက် သေဆုံးမှုများမှာ ဇန်န၀ါရီတွင်လေးမှု၊ ဖေဖော်ဝါရီတွင် နှစ်မှု၊ မတ်တွင် နှစ်မှု၊ ဧပြီတွင် သုံးမှု၊ မေတွင် ၁၄၂ မှု၊ ဇွန်တွင် သုံးမှု၊ ဇူလိုင်တွင် နှစ်မှု၊ သြဂုတ်တွင်တစ်မှု၊ စက်တင်ဘာလတွင် ခုနစ်မှုတို့ ဖြစ်ပွားခဲ့သည်။

မည်သူမဆို ရှောင်လွှဲ၍မရသော လူမှုပြဿနာများနှင့် တွေ့ကြုံရင်ဆိုင်ရတတ်သည်မှာ ဓမ္မတာပင်။ Survival of the fittest ဟူသည့် ချားလ်ဒါဝင်၏ သီအိုရီကဲ့သို့ပင် ဖြစ်ပေါ်လာသည့် အနေအထားနှင့် လိုက်လျောညီထွေပြုနိုင်သူသာ ရှင်သန်ကျန်ရစ်မည်ဖြစ်သည်။ ပြဿနာများ၊ ဖိစီးမှုများကို ကြုံတွေ့လာရသည့် အနေအထားနှင့်အညီ လိုက်လျောညီထွေ တုံ့ပြန်ခြင်းဖြင့်သာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်