မူးယစ်ဆေးဝါး၊ ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွဆေးပြား

မူးယစ်ဆေးဝါး၊ ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွဆေးပြား
Published 23 September 2017

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ပြဿနာကို ရင်ဆိုင်နေရမှုတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင် ဖြစ်နေသည်။ ယင်းအပြင် ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးပြား ထုတ်လုပ်သုံးစွဲမှု မြင့်မားသည့်ဒဏ်ကိုပါ ထပ်မံရင်ဆိုင်နေရပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အခြေအနေနှင့် ပတ်သက်၍ လိုအပ်သော အစီအမံများ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉-၂၀၀၀ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီ သုံးပိုင်းခွဲ၍ လုပ်ဆောင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဘိန်းအဓိကစိုက်ပျိုးသော ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ်တွင် လေးမြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် စီမံကိန်းများ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်း၊ စိတ်ကြွဆေးပြား သုံးစွဲမှုပြဿနာမှာ လူငယ်တို့အကြား ပိုမိုပျံ့နှံ့လာခြင်းနှင့် အခြားစိတ်ကြွဆေးဝါး ပေါ်ထွက်လာမှု အခြေအနေများကြောင့် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးအတွက် စီမံကိန်းကာလအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်သက်တမ်း ထပ်မံတိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။ ဘိန်းစိုက်ပျိုးမှု ရေရှည်ဆက်လက် လျှော့ချနိုင်ရေး နိုင်ငံတော်၏ အမျိုးသားဖွံ့ဖြိုးမှု အစီအစဉ်အောက်တွင် ထည့်သွင်း၍ လူမှုစီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးတို့ ပူးပေါင်း၍ နှစ်စဉ် ဘိန်းခင်းတိုင်းတာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိနေကြောင်း တရားဝင်ထုတ်ဖော် ပြောကြားမှုများ ရှိနေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ၂၀၀၁ ခုနှစ်၌ ဘိန်းစိုက်ဧရိယာမှာ ဟက်တာ ၁၀၅၀၀၀ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၅၅၀၀ သို့ ကျဆင်းခဲ့ရသည်ဟု သိရသည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်တွင် ဘိန်းစိုက်ပျိုးသည့်ဒေသများအတွက် လိုအပ်သော လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် နယ်ပယ်များကို သတ်မှတ်ရေးဆွဲ ဆောင်ရွက်ခြင်း၊ ဘိန်းစိုက်တောင်သူများ၏ လူမှုဘဝမြင့်မားလာစေရေးအတွက် ဘိန်းစိုက်ပျိုးခြင်းမှ ရသည့်ဝင်ငွေကို မှီခိုနေရသောဘဝမှ လွတ်မြောက်ပြီး အခြားဝင်ငွေရလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း အပါအဝင် မူးယစ်ဆေးဝါး သားကောင်ဘဝမှ လွတ်မြောက်နိုင်ရေးတို့အတွက် မဟာဗျူဟာနှင့် မူဝါဒများ ချမှတ်ကာ အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ပေးလျက် ရှိသည်ဟုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားထားသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသလို ဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့အတွက် အကူအညီပေးရန် မြန်မာ-အမေရိကန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားသည်။

သို့သော် ပြောင်းလဲလာသော ခေတ်စနစ်နှင့် နည်းပညာများအကြား မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားမျိုးစုံ၏ ပျံ့နှံ့ထိုးဖောက်မှုက စိန်ခေါ်မှုအဖြစ် ရှိနေသည်။ အက်ဖီဒရင်း၊ ကာဖင်းစသော ဓာတုဗေဒပစ္စည်းများကို အခြေခံကာ လူတို့ဖန်တီးပြုလုပ်ထားသော ဆေးတစ်မျိုးဖြစ်ပြီး Amphetamine Type Stimulants (ATS) ခေါ် စိတ်ကြွရူးသွပ်ဆေးသည် ဗဟိုနပ်ကြောအဖွဲ့ (Central Nervous System) ကို လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးအမျိုးအမည်များမှာ အမ်ဖီတမင်း၊ မက်အမ်ဖီတမင်း၊ မီသိုင်းလ်ဖင်နီဒိတ်၊ ဖင်မိထရာဇင်း၊ အက်စ်တာစီတို့ဖြစ်ပြီး ယေဘုယျအခေါ်များမှာ အိုက်စ်၊ ရှဘူး၊ ရာဘ၊ ရာမ၊ စပိဒ် စသည်တို့မှာ စိတ်ကြွဆေးပြားစာရင်းဝင် မူးယစ်ဆေးဝါးများဖြစ်သည်။ စိတ်ကြွဆေးပြားကို ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ ရှူခြင်း၊ ရှုပ်ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင် ပျက်စီးခြင်း၊ ရှူရှိုက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း၊ ဆေးထိုးသုံးစွဲခြင်းကြောင့် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါဘီနှင့် စီအပါအဝင်သွေးမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ် ရောဂါပိုး အန္တရာယ် ပိုမိုများပြားစေခြင်း၊ ခံတွင်းပျက်သောကြောင့် အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါဖြစ်ခြင်း၊ သွားများထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ မှတ်ဉာဏ်စွမ်းရည် ဆုံးရှုံးခြင်း၊ ရေရှည်အိပ်ရေးပျက်ခြင်းကြောင့် မှန်မှန်ကန်ကန် မဝေခွဲမဆုံးဖြတ်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းလာခြင်း (မသုံးစွဲရ မနေနိုင်အောင် အလွန်အမင်း စွဲလမ်းခြင်း)၊ ပျော်ရွှင်မှုခံစားနိုင်စွမ်း လျော့ပါးလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအခံရှိသူများ သုံးစွဲလျှင် စိတ်ရောဂါဝေဒနာ ပိုမိုဆိုးရွားသွားနိုင်ခြင်း၊ သံသယလွန် စိတ်ရောဂါခံစားရခြင်း၊ စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ်ဖြစ်ခြင်းများဖြစ်ပြီး ရာဇဝတ်မှုများ ဖြစ်ပွားနိုင်သည့် အနေအထားလည်း ဖြစ်သည်။ မှုခင်းဖြစ်စဉ်များတွင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော ဖြစ်ရပ်များ အများအပြား ပါဝင်သည်။

သို့ပါ၍ မြန်မာနိုင်ငံတွင် ဓာတုပစ္စည်းမှတစ်ဆင့် ထုတ်လုပ်သည့် စိတ်ကြွဆေးပြား ပြဿနာသည် ၁၉၉၆ ခုနှစ်မှစပြီး ပျံ့နှံ့လာခဲ့ကြောင်း၊ အစပျိုး ဓာတုပစ္စည်းများ နယ်စပ်များမှတစ်ဆင့် ဝင်ရောက်လာခြင်းကို ထိန်းချုပ်ရန်ခက်ခဲခြင်း၊ စိတ်ကြွဆေးပြားကို လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း၊ နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိခြင်းများကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့တွင် စိတ်ကြွဆေးပြားများ ထုတ်လုပ်လာခဲ့ခြင်းများကြောင့် စိတ်ကြွဆေးပြားများ လူငယ်ထုအတွင်း သုံးစွဲမှု မြင့်တက်လျက်ရှိနေခြင်းအပေါ် ရေတိုရေရှည် စီမံကိန်းများဖြင့် အလေးထား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent