ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ကျပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၃၅ ကျပ်အထိပြန်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ကျပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၃၅ ကျပ်အထိပြန်တက်
Published 22 September 2018

စက်တင်ဘာ ၂၁ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်အောက်ကျခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း တစ်ဒေါ်လာ ၁၆၃၅ ကျပ်အထိပြန် လည်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည်  ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့်ငွေကြေးများနှင့်နှိုင်းယှဉ်ပါက သိသိသာသာ ဆက်လက်အားပျော့နေသည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံ ချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့သည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက် တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိဆက်တက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် ၁၆၃၅ ကျပ်ဝန်းကျင် ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၂၀ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ  ကျပ် ၁၆၅၀ နှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၃၀၄ ကျပ်၊ ၂၂ ရာခိုင်နှုန်းကျော် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊  သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက်အများဆုံးဖြစ်ခဲ့သည်။ စက်တင်ဘာ ၂၁  ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၉၇ ဖြစ်သည်။