ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၁၅ အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၁၅ အထိ ကျဆင်း
Published 31 August 2018

သြဂုတ် ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရှိပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၁၅ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး ကျဆင်းလာသော်လည်း မြန်မာကျပ်ငွေတန်ဖိုးသည် ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာစသည့် ငွေကြေးများနှင့်နှိုင်းယှဉ်ပါက ဆက်လက် အားပျော့လျက်နေသည်။

သြဂုတ် ၁၈ ရက်တွင် ၁၄၉၃ ကျပ်၊ သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀ အထိ ပြန်တက်ခဲ့ကာ သြဂုတ် ၃၀ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၅၇၀ ကျပ်နှင့် နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၂၂၄ ကျပ်၊ ၁၆ ရာခိုင်နှုန်းကျော်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၅၁၅ ကျပ်ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၃၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၂၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၀ ကျပ်၊ ထိုင်းဘတ် ၄၇ ကျပ်၊ တရုတ်ယွမ် ၂၂၃ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၅၀ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။