နှစ်ပေါင်း ၃၀ နီးပါးအတွင်း တိုင်းနှင့်ပြည်နယ်အလိုက် ခွင့်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ရပ်ဆိုင်း၊ ပိတ်သိမ်းခဲ့သည့် လုပ်ငန်းများ နုတ်ပယ်ပါက လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၂ ဘီလျံကျော် ရှိနေ

နှစ်ပေါင်း ၃၀ နီးပါးအတွင်း တိုင်းနှင့်ပြည်နယ်အလိုက် ခွင့်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ရပ်ဆိုင်း၊ ပိတ်သိမ်းခဲ့သည့် လုပ်ငန်းများ နုတ်ပယ်ပါက လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၂ ဘီလျံကျော် ရှိနေ
Published 17 June 2018

သီလဝါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

နှစ်ပေါင်း ၃၀ နီးပါးအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွင့်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်း စသည်ဖြင့် ပြုလုပ်ခဲ့သည့် လုပ်ငန်းများ နုတ်ပယ်ပါက လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၂ ဘီလျံကျော်အထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဒေါ်လာဘီလျံ ၂၀ ကျော်၊ ကချင်ပြည်နယ်တွင် ၁၂ ဘီလျံကျော်၊ ရခိုင်ပြည်နယ်တွင် ၁၀ ဘီလျံကျော်၊ မွန်ပြည်နယ်တွင် ခြောက်ဘီလျံကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးဘီလျံကျော်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂ ဒ သမ ၅ ဘီလျံကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ဒသမ ၄ ဘီလျံကျော်၊ ရှမ်းပြည်နယ်တွင် ဒေါ်လာသန်း ၈၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် ဒေါ်လာ သန်း ၇၀၀ ကျော်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဒေါ်လာသန်း ၄၂၀ ကျော်၊ ကရင်ပြည်နယ်တွင် ဒေါ်လာ ၂၂၈ သန်းကျော်၊ နေပြည်တော်ကောင်စီတွင် ဒေါ်လာသန်း ၆၀ ကျော်နှင့် ကယားပြည်နယ်တွင် ဒေါ်လာနှစ်သန်းကျော် ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ပေးပြီး လုပ်ငန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လက်ရှိလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ၁၁၇၆ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၆၂၃၂၃ ဒ သမ ၂၁၂ ရှိပြီး ချင်းပြည်နယ်မှလွဲ၍ နေပြည်တော်ကောင်စီ အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ထားသည်။

၂၀၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇ ခုနှစ် မေလတွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၀၀ ကျော် ဝင်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ပမာဏမှာ ယခင်နှစ် ကာလတူထက် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီနှင့်မေလတွင် စိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၆၅၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၆၃၅ သန်း၊ အိမ်ရာအဆောက်အအုံ ကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊ စက်မှုဇုန် တည်ဆောက်မှု ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၄၈၁ သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၁၀၃ ဒသမ ၂၈၈ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၂၇၃ သန်း၊ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၉ ဒသမ ၂၀၇ သန်း ဝင်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၇၆၀၇၄ ဒသ မ ၃၇၇ သန်းရှိပြီး မေလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၇၆၁၇၆ ဒသမ ၄၈၅ သန်းရှိသဖြင့် မေလတစ်လတည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ ဒသမ ၁၀၈ သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။