ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များ၏ လစဉ်ကျသင့်ခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက်အတွင်းပေးဆောင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ကာ ပျက်ကွက်ပါက ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်း ဒဏ်ငွေပေးဆောင်ရမည်

ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များ၏ လစဉ်ကျသင့်ခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက်အတွင်းပေးဆောင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ကာ ပျက်ကွက်ပါက ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်း ဒဏ်ငွေပေးဆောင်ရမည်
Published 25 April 2018

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်

ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များ၏ လစဉ်ကျသင့်ခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ကာ ပျက်ကွက်ပါက ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်း ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ဧပြီ ၂၄ ရက်တွင် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များ လစဉ်ကျသင့်ခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။

တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၂ (က) အရ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရှိလျှင် လစဉ်ကျသင့်သော အခွန်ကို သက်ဆိုင်ရာ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည် ဖြစ်သည်။ တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၁ (ခ) အရ သတ်မှတ်ထားသော အချိန်အတွင်း လစဉ်ကျသင့်အခွန် ပေးသွင်းရန်ပျက်ကွက်ပါက စည်းကြပ်မှုအရ ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသောငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ တည်ဆဲအထူးကုန်စည်ခွန် ပုဒ်မ ၈ အရ အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းအတွက် ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် အထူးကုန်စည်များဖြစ်ပါက ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊ ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း အထူးကုန်စည်ခွန် ပေးဆောင်ရမည် ဖြစ်သည်။

တည်ဆဲအထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂ (ဃ) အရ ပေးဆောင်ရမည့်အခွန်ကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန်ပျက်ကွက်လျှင် စည်းကြပ်မှုအရ ထပ်မံပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့လုပ်ငန်းအလိုက် လစဉ်ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် အထူးကုန်စည်ခွန်တို့ကို သတ်မှတ်ရက်အတွင်း ပေးသွင်းပေးကြပါရန် နှိုးဆော်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ရငွေကို ကျပ် ၇၅၄၆ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားပြီး ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ၏ သုံးစွဲမှုအပေါ်ကောက်ခံသည့် အခွန်အကောက်တွင် ကျပ် ၃၆၈၁ ဘီလျံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်တွင် ကျပ် ၂၃၅၆ ဘီလျံ၊ အကောက်ခွန်တွင် ကျပ် ၄၉၀ ဘီလျံ၊ နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ်ကောက်ခံသည့် အခွန်အကောက်တွင် ကျပ် ၁၀၁၈ ဘီလျံရရှိရန် တွက်ချက်ထားသည်။

ဘဏ္ဍာနှစ် ခုနစ်နှစ်အတွင်း ကောက်ခံရရှိခဲ့သော အခွန်ရငွေများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၃၁၄ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၇၅၄၆ ဘီလျံ (မျှော်မှန်း) တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent